စစ်ကိုင်းမြို့မဈေးထဲ အသံမိုင်းကွဲပြီးနောက် စစ်တပ်ကပစ်ခတ်လို့ ပြည်သူ ၁ ဦး ကျည်ထိမှန်

စစ်ကိုင်းမြို့မဈေးထဲ အသံမိုင်းကွဲပြီးနောက် စစ်တပ်ကပစ်ခတ်လို့ ပြည်သူ ၁ ဦး ကျည်ထိမှန်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မြို့မဈေးမှာအသံမိုင်းကွဲပြီးနောက် စစ်တပ်က စစ်ဆေးဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တဲ့အပြင် ပစ်ခတ်မှုလည်းရှိခဲ့တဲ့အတွက် ပြည်သူ ၁ ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၅ ရက်မနက် ၇ နာရီဝန်းကျင်က အသံမိုင်း ၃ လုံးကွဲပေါက်ကွဲမှုကြောင့် ပြည်သူအထိခိုက်မရှိပေမယ့် မြို့မဈေးက မှန်တွေကွဲတာမျိုးရှိခဲ့တယ်လို့ ဆိုပါတယ်။

“အသံမိုင်းကွဲပြီးတော့ အုတ်စက်လို့ခေါ်တဲ့ ရပ်ကွက်ဘက်ကို ဆင်းတာရှိတယ်။  ပြည်သူထိတာပေါ့၊ စစ်ကောင်စီက ရပ်ခိုင်းတာကို မရပ်ဘဲနဲ့မောင်းပြေးလို့ လှမ်းပစ်တာ ပေါင်တချက်ထိသွားတယ်ဗျ။ တားတာကို မရပ်ဘဲနဲ့ မောင်းပြေးတာတို့ ဒါမှမဟုတ် သူတို့ကိုမြင်လို့ လှည့်ပြေးတာမျိုးဆို လှမ်းပစ်တယ်။” လို့ စစ်ကိုင်းဒေသခံတဦးက ပြောပါတယ်။ 

ပေါင်ကိုကျည်ထိမှန်ခဲ့တဲ့ အမျိုးသားကတော့ စိုးရိမ်ရတဲ့အခြေအနေမရှိသလို ဖမ်းဆီးခံရတာလည်း မရှိဘူးလို့ ဆိုပါတယ်။ 

စစ်ကိုင်းမြို့ပေါ်မှာလည်း စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူမှုမလုပ်ခင် စက်တင်ဘာ ၂၈ ရက်ကနေ ၃၀ ရက်အထိ လမ်းသွားပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးတာ၊ ကားတွေနဲ့ လိုက်ဖမ်းတာ၊ အိမ်တွေထဲထိ ဝင်ရောက်ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ခဲ့တယ်လို့ သိရပါတယ်။

“စစ်ကိုင်းမြို့က လူရာကျော် ထုတ်ပေးရမယ်ဆိုပြီး ကြားထားတယ်။ တရက်တရက်ကို အလုပ်သွားအလုပ်ပြန်တွေ ကောက်ဆွဲတာမျိုးတွေ၊ ကားနဲ့လိုက်ဖမ်းတာမျိုးတွေ၊ ပြီးတော့ မထွက်တော့ဘူးဆိုရင် အိမ်ထဲထိ ဝင်ဆွဲတာမျိုးတွေ၊ ၂၈ ရက် ပထမဆုံးရက်မှာတင် လူ ၅၀ ကျော်တယ်ဗျ။”လို့ စစ်ကိုင်းဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေ ထုတ်ပြန်ပြီးနောက် နိုင်ငံအနှံ့ မတရားဖမ်းဆီး(ပေါ်တာဆွဲ)တာတွေ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေပြီး ပြည်သူအများစုလက်ခံမှုမရှိတဲ့ သန်းခေါင်စာရင်းကောက်ယူတာကိုလည်း အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်ထိ လုပ်ဆောင်မယ်လို့ ကြေညာထားတာပါ။

အခုအသံမိုင်းခွဲတာကလည်း စစ်ကိုင်းမြို့ပေါ်မှာ ပေါ်တာဆွဲတာတွေဆိုးဝါးနေသလို စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူတာတွေလည်း လုပ်ဆောင်နေတဲ့အတွက် ကန့်ကွက်ကြောင်းတုံ့ပြန်မှုတခုအနေနဲ့ အသံမိုင်းခွဲခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာကိုတော့ ပြောလို့မရဘူးလို့ စစ်ကိုင်းဒေသခံ ရဲဘော်တဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက် မနက် ၉ နာရီဝန်းကျင်မှာလည်း အထကကျောင်းနားက စစ်ကောင်စီ တပ်သားတွေနဲ့ စစ်ကောင်စီလက်အောက်ခံ ရုံးဝန်ထမ်းတွေ အစည်းဝေးလုပ်လေ့ရှိတဲ့ အဆောက်အဦအနီးမှာ အသံမိုင်းခွဲသတိပေးမှု ဖြစ်ခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #အသံမိုင်း #စစ်ကောင်စီ #ပစ်ခတ် #ဒေသခံထိခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10