စစ်ကိုင်းမှာ စစ်ကားတစီး မိုင်းဆွဲခံရလို့  ၂ ဦးသေဆုံးဟုဆို

စစ်ကိုင်းမှာ စစ်ကားတစီး မိုင်းဆွဲခံရလို့  ၂ ဦးသေဆုံးဟုဆို

စစ်ကိုင်းမြို့ပေါ်ကနေ နုံးတွင်းခြေတော်ရာ အမြောက်တပ်ထဲကို မောင်းနှင်လာတဲ့ စစ်ကောင်စီကားတစီး ဖေဖော်ဝါရီလ ၂ ရက်ည ၆ နာရီလောက်မှာ မိုင်းဆွဲခံရတာကြောင့် ၂ ဦး သေဆုံးပြီး၊ ၃ ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲခံရတဲ့ကားမှာ စစ်ကောင်စီ ၇ ဦးခန့်ပါတဲ့ ဟိုင်းလတ်အမျိုးအစားကားသေးဖြစ်ပြီး၊ အဲဒီကားကို နတ်ခရိုင်ကျေးရွာနဲ့ နုံးတွင်းကျေးရွာအကြားမှာ မိုင်း ၄ လုံးဆွဲတိုက်ခိုက်ခဲ့တာလို့ Farmers Revolution Force (SGG)မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"မိုင်းဆွဲလိုက်တဲ့အချိန်မှာ ကားကမောင်းလို့ မရတော့လောက်အောင် ပျက်စီးသွားတယ်။ ကားပေါ်ကလည်း သေနတ်တချက်သာ ပစ်ခတ်ခဲ့တယ်။ စကစတွေ သေဆုံး၊ဒဏ်ရာရသွားတာကိုတော့ အတွင်းဖရဲသီးတွေဆီကသိရလို့ ဒီနေ့ မနက်မှာ အတည်ပြုနိုင်ခဲ့တယ်။ ကားပေါ်မှာ အကောင်ကြီးတွေပါမယ်လို့ ခန့်မှန်းရတယ်" လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Farmers Revolution Force (SGG)၊ Sagaing Special Attacking Force (SSAF)၊ ဒေါင်းစစ်သည် - Sagaing Region People Defence Force မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်သလို ထိခိုက်သေဆုံးအခြေအနေတွေကို မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။  

အဲ့ဒီကားမိုင်းဆွဲခံရပြီး ခဏအကြာမှာ နုံးတွင်းအမြောက်တပ်ကနေ မိုင်းဆွဲခံရတဲ့နေရာကို စက်လက်ပါစစ်ကားအကြီးတစီးနဲ့ အသေးတစီးတို့ ရောက်ရှိလာပြီး ပျက်စီးသွားတဲ့ကားကို သယ်ဆောင်သွားခဲ့တယ်လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်မှာလည်း စစ်ကိုင်းမြို့ကနေ အင်အား ၃၀ ခန့်နဲ့ မုံရွာမြို့ကိုထွက်လာတဲ့ စစ်ကောင်စီကား၂ စီးကို အုန်းတောကျေးရွာနဲ့ နတ်ခရိုင်ကျေးရွာအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၁ စီးထိမှန်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။ 

ပုံစာ - စစ်ကောင်စီကို တိုက်ခိုက်ခဲ့သည့်မိုင်း။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10