သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကောလင်းနဲ့ ကန့်ဘလူမြို့နယ်အစပ်က ဒေသခံပြည်သူတွေရဲ့ ကားတန်းတွေရှိရာနေရာကို စစ်ကောင်စီက ၂ ရက်ဆက်တိုက် လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဆီကားနဲ့ကုန်ကားတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၂၉ ရက်ည ၁၁ နာရီကျော်မှာ တံတားဦးဘက်ကတက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ ကောလင်းမြို့နယ်၊ ဆပ်သွားချောင်းရွာအနီးကို ဗုံး ၄ လုံး ကြဲချခဲ့တာကြောင့် ရေနံဆီကား ၁ စီးမီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သီးကုန်းနဲ့ တောင်ကြားရွာနားက ဗွက်နစ်လို့ ကားတွေခေတ္တလမ်းပိတ်နေတဲ့နေရာကို နိုဝင်ဘာ ၃၀ ရက် မနက် ၉ နာရီလောက်မှာ ၄ ကြိမ် နေ့လယ် ၁၁ နာရီမှာ ၂ ကြိမ် လေကြောင်းနဲ့ ထပ်မံတိုက်ခိုက်လို့ ဆီကားနဲ့ ကုန်ကားတွေ မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။
“ဆီကားက များတယ်၊ ကုန်ကား ၁ စီးပဲပါတယ်။ ကျနော်တို့နဲ့ ဝေးတာတောင် မီးခိုးလုံးကြီးတွေ မြင်နေရတယ်။ (မီးငြိမ်းဖို့)ရေ အဲ့လိုကတော့ မရှိဘူးရယ်၊ ရေနံကားတွေဆိုတော့ ပိုဆိုးတာပေါ့။ မီးက ပိုလောင်တော့တာ။ တန်ဖိုးငွေကတော့ ဆုံးရှုံးမှာပ၊ ကားဖိုးတင် သိန်းထောင်ချီနေတာ။”လို့ ဒေသခံတဦးက ပြောပါတယ်။
၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုကြောင့် ရေနံဆီကား ၄ စီး၊ ကုန်တင်ကား ၁ စီး မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးတဲ့တန်ဖိုးငွေ အတိကျကတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက အရပ်သားပြည်သူအများစုရှိရာ နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ မကြာခဏ လုပ််လေ့ရှိပြီး အောက်တိုဘာ ၂၁ ရက်ကလည်း ကောလင်းမြို့နယ်၊ ဥက္ကံကျေးရွာကို လေကြောင်းက ဗုံကြဲလို့ အမျိုးသမီး ၂ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။
ဒါ့အပြင် အောက်တိုဘာလ တလအတွင်း စစ်ကောင်စီရဲ့ အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်တာတွေကြောင့် သေဆုံးသူ ၁၃၇ ဦး ဒဏ်ရာရရှိသူ ၃၁၂ ဦးရှိတယ်လို့ Nyan Lynn Thit Analytica က နိုဝင်ဘာလ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပုံစာ - စက်တင်ဘာ ၃၀ရက်နေ့၊ ဥက္ကံကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု။ (ပုံဟောင်း)
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ကောလင်း #ကန့်ဘလူ #ဗုံးကြဲ #ပျက်စီး
Share Share Share