စစ်ကိုင်းမှာ တိုက်ပွဲဖြစ်လို့ ကျေးရွာပကဖ ၄ ဦးနဲ့ PDF ၁ ဦး သေဆုံး

စစ်ကိုင်းမှာ တိုက်ပွဲဖြစ်လို့ ကျေးရွာပကဖ ၄ ဦးနဲ့ PDF ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တို့ ဇူလိုင်လ ၂ ရက်နေ့မနက် ၃ နာရီကျော်မှာ တိုက်ပွဲဖြစ်ပွားရာ ကျေးရွာပကဖ ၄ ဦးနဲ့ PDF ၁ ဦးတို့ သေဆုံးခဲ့တယ်လို့ စစ်ကိုင်း PDF ဆီက သိရပါတယ်။

သေဆုံးခဲ့သူမှာ တလိုင်းကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်အောင်ခိုင်၊ မျောက်ကြီး၊ ဦးမြင့်၊ ရားရားနဲ့ မန္တလေး PDF တပ်ရင်း (၅၁၀)မှ ရဲဘော် နေခ တို့ဖြစ်ပြီး သူတို့ ၅ ဦး ကင်းစောင့်နေချိန် အင်အား ၄၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

"အပြန်အလှန်ပစ်ခတ်တဲ့အချိန်မှာ လက်နက်အင်အား၊ လူအင်အားကမမျှတော့ ကျသွားရတာပါ" လို့ စစ်ကိုင်း PDF ရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်သားတွေက ကျေးရွာထဲဝင်ကာ လူနေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၁၀၀ ကျော် ပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်စာမျက်နှာတွေမှာတော့ PDF ၅ လောင်း၊ အမ်-၂၂ သေနတ် ၂ လက်၊ လက်လုပ်သေနတ် ၄ လက်၊ အမ်-၂၂ ကျည် ၃၈၀ တောင့်၊ ၅.၅၆ ကျည် ၃၀ တောင့်၊ လက်ပစ်ဗုံး ၈ လုံး၊ ကျည်အိမ် ၉ ခု၊ ပြောက်ကျားယူနီဖောင်း ၂၁ စုံ၊ မီးခိုးယူနီဖောင်း ၉ စုံ၊ ကား ၁ စီး၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၄ လုံး၊ KIA ကျောပိုးအိတ် ၃ လုံး၊ လျှာထိုးဦးထုပ် ၈ လုံး၊ အမ်-၂၂ ကျည် ၁၃၄ တောင့်၊ ကျည်အိမ် ၄ ခု၊ လက်ပစ်ဗုံး ၃ လုံးတို့ကို သိမ်းဆည်းရရှိခဲ့​တယ်လို့ ရေးသားထားပါတယ်။

အလားတူ ဇွန်လ ၂၈ ရက်မှာလည်း တလိုင်းကျေးရွာအနီးကို ဖြတ်သန်းသွားလာတဲ့ PDF ကားတစီးကို စစ်ကောင်စီတပ် ကင်းပုန်းက ချောင်းမြောင်းပစ်ခတ်ခဲ့တာကြောင့် PDF ၁၄ ဦး သေဆုံးခဲ့ရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း # PDF #ပကဖ #ထိတွေ့တိုက်ပွဲ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10