စစ်ကိုင်းမှာ ထွက်ပြေးသွားတဲ့ အုပ်ချုပ်ရေးမှူးရဲ့ မိသားစုဝင် အမျိုးသား ၃ ဦးအသတ်ခံရ

စစ်ကိုင်းမှာ ထွက်ပြေးသွားတဲ့ အုပ်ချုပ်ရေးမှူးရဲ့ မိသားစုဝင် အမျိုးသား ၃ ဦးအသတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရေခါးကျေးရွာမှာ ရေခါးကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ မိသားစုဝင် ၃ ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မေ ၁၀ ရက် ည ၇ နာရီကျော်ခန့်မှာ ရေခါးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်း ၅၅ နှစ်ရဲ့ နေအိမ်ကို လက်နက်ကိုင် လူတစုကရောက်ရှိလာပြီး နေအိမ်ထဲမှာ ဦးမြင့်ဝင်းကို ဝင်ရှာချိန် ဦးမြင့်ဝင်းမှာ နေအိမ်ကနေ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

"အုပ်ကြီးကိုလာရှာတာမတွေ့လို့ သူ့အိမ်မှာရှိတဲ့ အမျိုးသားတွေကို ခေါ်သွားတယ်။ နောက်တော့ ရွာထိပ်မှာ အလောင်းကို ပြန်တွေ့ရတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

လက်နက်ကိုင်အဖွဲ့က ခေါ်ဆောင်သွားသူတွေဟာ အုပ်ချုပ်ရေးမှူးရဲ့ သားဖြစ်သူ ဦးစောမောင်မြင့် ၃၈ နှစ်၊ မြေးဖြစ်သူ မောင်ဝေယံဖြိုး ၁၈ နှစ်နဲ့ ညီဖြစ်သူ ဦးခင်မောင်မြင့် ၄၀ နှစ် တို့ဖြစ်ပြီး ပစ်သတ်ခံရလို့ ၃ ဦး စလုံးသေဆုံးသွားပါတယ်။

"အုပ်ကြီးကို သွားရှာတာမတွေ့လို့ သူနဲ့ပတ်သက်သူတချို့ ရှင်းခံရတယ်လို့တော့ ကြားရ။ အဲဒီဘက်ခြမ်းက အဖွဲ့တွေများတော့ ဘယ်အဖွဲ့လုပ်တယ်ဆိုတာတော့ မသိရသေးဘူး" လို့ စစ်ကိုင်းမြို့နယ်ပကဖ တာဝန်ရှိက ပြောပါတယ်။

မေ ၁၁ ရက် မနက်အစောပိုင်းမှ စစ်ကောင်စီအဖွဲ့တွေ ရေခါးကျေးရွာကျေးရွာကိုရောက်လာပြီး အလောင်းတွေကို စစ်ဆေးဖို့ စစ်ကိုင်းဆေးရုံကို သယ်ဆောင်သွားကြတယ်လို့ သိရပါတယ်။

အဲဒီပစ်ခတ်မှုကိုတော့ ဘယ်အဖွဲ့တွေက ဘာကြောင့်လုပ်တယ်ဆိုတာ မသိရသေးဘဲ ထုတ်ပြန်ကြေညာထားတာမျိုးလည်း မရှိသေးပါဘူး။

ရေခါးကျေးရွာဟာ စစ်ကိုင်း-ဟန်လင်းပျူမြို့ဟောင်းသွား ဗျူဟာလမ်းဘေးရှိ ကျေးရွာဖြစ်ပြီး  စစ်အာဏာ သိမ်းကာလအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်အဖွဲ့တွေ အားကောင်းခဲ့တဲ့ရွာ ဖြစ်တယ်လို့ သိရပါ တယ်။

ပြီးခဲ့တဲ့ မေ ၃ ရက်ကလည်း စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၊ ၂၁ x ၂၅ လမ်း၊ (၂၆)လမ်းကြားရှိ ပိုင်ရှင် ဦးမြင့်အေးရဲ့နေအိမ်မှာ အိမ်ငှားနေထိုင်သူ အမျိုးသား ၂ ဦးပစ်သတ်ခံရလို့ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ရေခါးရွာ #အုပ်ချုပ်ရေးမှူး #မိသားစု #သတ်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10