စစ်ကိုင်းမှာ ပျူစောထီးတွေစီးလာတဲ့ကား မိုင်းဆွဲခံရ

စစ်ကိုင်းမှာ ပျူစောထီးတွေစီးလာတဲ့ကား မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာနဲ့ ကျောက်ဆည်ရွာကြား၊ ရွှေဘို-မန္တလေးကား လမ်းမပေါ်မှာ ပျူစောထီးတွေစီးလာတဲ့ ကားတစီးကို သြဂုတ် ၃ ရက် မနေ့မနက် ၄ နာရီမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Fight For Federal အဖွဲ့ဆီက သိရပါတယ်။ 

ပျူစောထီး ၁၀ ဦးစီးနင်းလာတဲ့ လူမှုကူညီရေးကားတစီးဟာ ပျူစောထီးအများစုရှိတဲ့ ဆင်တပ်ကျေးရွာကနေ အုန်းတောကျေးရွာရှိ အမှတ် ၆၀၀၅ အမြောက်တပ်ကို သွားချိန် အသင့်ထောင်ထားတဲ့ မိုင်း ၄ လုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ကားက သူတို့(ပျူ)ရွာက လူမှုရေးအသင်းကား။ ဒီကောင်တွေက အုန်းတောတပ်ကို အမြဲ သွားလာနေကျ။ ကျနော်တို့ မိုင်းဆွဲလိုက်တဲ့အချိန်မှာ ကားကလမ်းဘေးကို ထိုးရပ်သွားတယ်၊ မှန်တွေလည်း ပျက်စီးသွားတယ်။ လူအထိအခိုက်တော့ မသိခဲ့ရဘူး"လို့ Fight For Federal မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါ့အပြင် မိုင်းဆွဲခံရပြီးချိန်မှာ ပျူစောထီးအဖွဲ့က သူတို့မှာပါလာတဲ့ လက်နက်တွေနဲ့ ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်တဲ့နေရာမှာ အမြောက်တပ်နဲ့နီးတာကြောင့် မိုင်းဆွဲပြီးနောက် ကာကွယ်ရေး ရဲဘော်တွေအနေနဲ့ ချက်ချင်းဆိုသလို ပြန်ဆုတ်လာခဲ့ရတဲ့အတွက် ပျူစောထီးတွေရဲ့ သေဆုံး၊ ဒဏ်ရာရရှိမှု အခြေအနေကို မသိရှိခဲ့ရတာလို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အုန်းတောအမြောက်တပ်ကနေ စစ်ကားတစီးလာပြီး မိုင်းဆွဲခံရတဲ့ ပျူစောထီးတွေကို လာသယ်သွားကြတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Fight for Federal၊ Phoenix SGG၊ Unicorn ပြောက်ကျားတပ်ဖွဲ့၊ အညာသားလေး SGG၊ စစ်ကိုင်းမြို့နယ် ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၂၈ ရက်မှာလည်း မာလဲတော(ပျူစောထီး)ရွာကနေ အိမ်စီးကားတစီးနဲ့ ထွက်ခွာလာကြတဲ့ စစ်ကောင်စီတပ်သား ၈ ဦးကို ရွှေဘို - မန္တလေးကားလမ်းပေါ်မှာ အထက်ပါ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

အလားတူ ဧပြီ ၂၂ ရက် ညနေ ၆ နာရီကလည်း စစ်ကိုင်းမြို့နယ်၊ နတ်ခရိုင်ကျေးရွာနဲ့ လယ်ကြီးကျေးရွာကြားမှာ စစ်ကိုင်းဘက်ကနေ မုံရွာဘက်ကိုထွက်လာတဲ့ နုံးတွင်း ခြေတော်ရာတပ်ရင်းက စစ်ကောင်စီ ကားတန်းကို ပဒေသာမိုင်း ၈ လုံးနဲ့ ၃ ကြိမ်  မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ  စစ်ကောင်စီတပ်သား ၆ ဦး ဒဏ်ရာရသွားသေးတယ်လို့ သိရပါတယ်။

ပုံစာ - ကာကွယ်ရေးတပ်ဖွဲ့ အသုံးပြု တိုက်ခိုက်ခဲ့သည့် မိုင်း။

စာတည်း - လင်း

 

#မြေလတ်အသံ

#စစ်ကိုင်း #မိုင်းဆွဲ #PDF #ပျူစောထီး #ထိခိုက်မှုရှိ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10