စစ်ကိုင်းမှာ လက်နက်ခဲယမ်းသယ်ဆောင်တဲ့ ရထားစတင်ပြေးဆွဲ၊ ရထားလမ်းတလျှောက် စစ်ကြောင်းထိုး

စစ်ကိုင်းမှာ လက်နက်ခဲယမ်းသယ်ဆောင်တဲ့ ရထားစတင်ပြေးဆွဲ၊ ရထားလမ်းတလျှောက် စစ်ကြောင်းထိုး

စစ်တပ်ရဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို သယ်ဆောင်လာတဲ့မီးရထားဟာ စက်တင်ဘာ ၈ ရက် ဒီနေ့မှာ ဝက်လက်မြို့နယ်၊ ပေါက်ကန်ဘူတာကို ရောက်နေပြီး ဒီရထားကို လုံခြုံရေးပေးဖို့အတွက် စစ်တပ်က ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်ကို စစ်ကြောင်းတွေထိုးနေတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

စစ်ကိုင်းမြို့၊ ရွာထောင်ဘူတာကနေ ရထား ၂ စီးထွက်လာတာဖြစ်ပြီး တစီးက ပြုပြင်ထိန်းသိမ်းရေးရထားတွဲဖြစ်ကာ ကျန်တစီးဟာ ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းတွေ တင်ဆောင်ထားတဲ့ ရထားဖြစ်တယ်လို့ သိရပါတယ်။ 

"ဒီရထားကို သူတို့အထိခိုက် လုံးဝမခံဘူး။ ဒရုန်းနဲ့ ဗုံးမကြဲနိုင်အောင်လည်း လုပ်ထားတယ်။ နယ်မြေတွေအကုန်လုံးကိုလည်း စစ်ကြောင်းတွေနဲ့ ဖိထားတယ်" လို့ စစ်ကိုင်းမြို့နယ်၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်အစပ်က ထန်းကြီးကျေးရွာကို စက်တင်ဘာ ၅ ရက်က ရထားတွေရောက်လာချိန်မှာ စစ်တပ်က အင်အား ၆၀၀ လောက်နဲ့ ဝက်လက်မြို့နယ်ကို စစ်ကြောင်းထိုးခဲ့ပါတယ်။

အဲ့ဒီအထဲက အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်းတကြောင်းက မနေ့က ဝက်လက်မြို့နယ်အရှေ့ပိုင်းက ဖိုးဝင်းတပ်ကျေးရွာအနီးမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီနေ့မနက်မှာ စစ်ကောင်စီ စစ်ကြောင်းဟာ ပေါက်ကန်ဘူတာဘက်ကို ထွက်သွားတယ်လို့ သိရပါတယ်။ 

ပေါက်ကန်ကျေးရွာဘူတာဟာ ဝက်လက်မြို့တောင်ဘက်မှာရှိပြီး ဝက်လက်ဘူတာနဲ့ ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ ဘူတာတခု ဖြစ်ပါတယ်။ 

အခုအခါမှာ ဝက်လက်မြို့ထဲမှာလည်း စစ်အင်အားထပ်တိုးထားတယ်လို့ ဝက်လက်မြို့နယ် အနောက်ခြမ်းက ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အခုထွက်လာတဲ့ ရထားနှစ်စီးမှာ တစီးက ဘက်ဟိုးကား ၂ စီးကိုပါတင်လာပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ဖြတ်တောက်ထားတဲ့ ရထားလမ်းနဲ့ တံတားတချို့ကိုပါ ချက်ချင်းပြင်ဆင်ပြီး ခရီးဆက်နေတာလို့ ဆိုပါတယ်။

ဒီရထားဟာ ခင်ဦးနယ်နဲ့ ရွှေဘိုနယ်တို့ကိုဖြတ်ပြီး ဗန်းမော်မြို့အထိ စစ်လက်နက်တွေပို့ဆောင်သွားမှာလို့သိရပြီး ခင်ဦးနယ်မှာလည်း အင်အား ၁၀၀ ကျော်တဲ့ စစ်ကြောင်းက ရွာတွေဘက်က အသင့်စောင့်နေသလို ရွှေဘိုမြို့နယ်မှာလည်း စစ်ကြောင်းတွေရှိနေတယ်လို့ ရွှေဘိုမြို့နယ်အနောက်ခြမ်းက ဒေသခံကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ဒီရထား ၂ စီးဖြတ်သန်းလာတဲ့ စစ်ကိုင်းမြို့နယ်မှာတော့ အခုထိစစ်ကြောင်းတွေရှိနေပြီး ဒေသခံ ၃၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာလည်း ဒီနေ့မနက်ပိုင်းအထိ တိုက်ပွဲတွေဖြစ်နေပြီး ဒေသခံ ၂၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

ပုံစာ - ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ဖြတ်တောက်ထားသည့် စစ်ကိုင်း-ရွှေဘို မီးရထားလမ်းပိုင်းတစ်နေရာ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #စစ်တပ် #ရိက္ခာ #လက်နက်ခဲယမ်း #မီးရထား #ဝက်လက် #ပေါက်ကန်ဘူတာ #ရွှေဘို

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10