စစ်ကိုင်းမှာ အမျိုးသား ၂ ဦးဆိုင်ကယ်စီးရင် ဆိုင်ကယ်သိမ်းပြီး လူကိုပါ ထောင်ချနေ

စစ်ကိုင်းမှာ အမျိုးသား ၂ ဦးဆိုင်ကယ်စီးရင် ဆိုင်ကယ်သိမ်းပြီး လူကိုပါ ထောင်ချနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မြို့တွင်း မြို့ပြင်နေရာတွေမှာ စစ်ကောင်စီက အမျိုးသား ၂ ဦးဆိုင်ကယ်စီးရင် ဖမ်းဆီးပြီး ထောင်ဒဏ် ၁ လ ချမှတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီအဖွဲ့ဟာ အိမ်စီးကားတွေနဲ့ ရှောင်တခင်သွားလာပြီး ဆိုင်ကယ်တစီးမှာ အမျိုးသား ၂ ဦး စီးပြီး သွားလာနေတာကို တွေ့ရပါက ဆိုင်ကယ်သိမ်းကာ လူကိုပါ ဖမ်းဆီးနေတာလို့ ဆိုပါတယ်။

"ခုလထဲမှာ တော်တော်လေး အဖမ်းအဆီးများလာတယ်။ တနေရာတည်းမှာ စောင့်ပြီး ဖမ်းတာမျိုး မဟုတ်ဘူး။ သူတို့ဖမ်းချင်တဲ့အချိန် ဖမ်းတာဆိုတော့ ရှောင်ချိန်မရကြဘဲ ဖမ်းခံရတာတွေများတယ်။ အလစ်စောင့်ဖမ်းတာမျိုး။ သူတို့နဲ့ မတွေ့ရင် စီးပြီးသွားနေကြတာပဲ"လို့ ဒေသခံတဦးက ပြောပါတယ်။

အမျိုးသား ၂ ယောက် ဆိုင်ကယ်စီးတာကိုတွေ့ပါက စစ်ကောင်စီဘက်က ဆိုင်ကယ်သိမ်း၊ လူကို ဖမ်းပြီး ၃ ရက်အကြာမှာ ထောင်ချလေ့ရှိတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းမြို့တွင်းလမ်းတွေနဲ့ မြို့ပြင်ထွက်ပေါက်တွေမှာပါ ရှောင်တခင် ဖမ်းဆီးတာတွေရှိနေသလို တခါတရံ ကျေးရွာချင်းဆက်လမ်းတွေထိ ဆင်းပြီး ဖမ်းလေ့ရှိကာ အခု ဩဂုတ်လ အတွင်းမှာတင် ဆိုင်ကယ် ၂ ယောက်စီးမိလို့ ဖမ်းဆီးထောင်ချခံရသူ ၅၀ ဝန်းကျင်ထိ ရှိလာတယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလကတည်းက စစ်ကိုင်းမြို့နယ်အတွင်း နေရာတွေမှာ အမျိုးသား ၂ ဦး ဆိုင်ကယ်မစီးရ၊ အမျိုးသမီးမောင်းတဲ့ ဆိုင်ကယ်နောက် အမျိုးသား လိုက်မစီးရစတဲ့အချက်တွေပါတဲ့ ဒေသန္တရအမိန့်ကို စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာ ဖြစ်ပြီး ခုနောက်ပိုင်းမှာတော့ အမျိုးသား ၂ ဦးစီးတဲ့ ဆိုင်ကယ်ဆိုရင်  ဖမ်းဆီးခံရပါက ငွေပေးညှိနှိုင်းပြီး ပြန်ထုတ်မရဘဲ တခါတည်း တရားရုံးတင် ထောင်ချနေတာလို့လည်း သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #စစ်ကောင်စီ #ဆိုင်ကယ် #ဖမ်းဆီး #အမျိုးသား၂ဦးး #ထောင်ချ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10