စစ်ကိုင်းမှာ PDF၂ ဦးနဲ့ CDM ဆရာမ ၁ ဦးဖမ်းဆီးခံရ

စစ်ကိုင်းမှာ PDF၂ ဦးနဲ့ CDM ဆရာမ ၁ ဦးဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ PDF ၂ ဦးနဲ့ CDMကျောင်းဆရာမ ၁ ဦး ဇူလိုင်လ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာကိုခံလိုက်ရတယ်လို့ အမရစစ်သည်တော်အဖွဲ့က ပြောပါတယ်။

 

ဇူလိုင်လ ၂ ရက်နေ့မှာ အမရစစ်သည်တော် အဖွဲ့က ရဲဘော် တည်တံ့ဝေ (ခ) ရဲခေါင် ဖမ်းဆီးခံရပြီးတဲ့နောက် ၃ ရက်နေ့မှာ အမရစစ်သည်တော်အဖွဲ့ဝင် သူဝေခန့်(ခ)ကရင်ကြီးနဲ့  မြင်းခြံမြို့နယ်၊ ကျောက် တန်းကျေးရွာနေ CDM ဆရာမ စိမ့်စိမ့်သူတို့ ထပ်မံဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဖမ်းဆီးခံထားရသည့် CDM ဆရာမ စိမ့်စိမ့်သူ

 

“ရဲဘော်တည်တံ့ဝေ အရင်အဖမ်းခံရတာ။ သူအဖမ်းခံရပြီးတော့ သူ့ချစ်သူ CDM ဆရာမကို ဖုန်းနဲ့ဆက်သွယ်ခိုင်းတယ်လို့ ယူဆရတယ်။ သူ့ချစ်သူက အဖွဲ့ကရဲဘော်တယောက်နဲ့ စစ်ကိုင်းကိုလိုက်သွားတာမှာ ထပ်ပြီးအဖမ်းခံရတာ” လို့ အမရစစ်သည်တော်အဖွဲ့တာဝန်ခံ ဗိုလ်မိုးလွင်ကမြေလတ်အသံကို ပြောပါတယ်။

 

ရဲဘော်တည်တံ့ဝေဟာ ယခင်ကအမရစစ်သည်တော်အဖွဲ့မှာ တပ်ခွဲမှူးတဦးဖြစ်ပေမယ့် ပြစ်မှုကျူးလွန်ထားတာကြောင့် သူ့ကို ရာထူးချ၊ လက်နက်ပြန်လည်ရုတ်သိမ်းပြီး အချုပ်နဲ့ထိန်းသိမ်းထားရာကနေ ထွက်ပြေးလွတ်မြောက်သွားတာလို့ ဆိုပါတယ်။

 

"သူ့(ရဲဘော် တည်တံ့ဝေ)ကို စခန်းမှာ အချုပ်ချပြီး အပြစ်ပေးထားတာ။ အဲ့အချိန်မှာ စစ်ကြောင်းတွေထိုးလာလို့ ရဲဘော်တွေက ကင်းရော၊ တိုက်ခိုက်ရေးရော တာဝန်ယူနေရချိန် သူက စစ်ကိုင်းမြို့ကိုထွက် ပြေးသွားတာ။ အဲ့ဒီမှာ အဖမ်းခံရတာ"လို့ သူကဆက်ပြောပါတယ်။

ဖမ်းဆီးခံထားရသည့် အမရစစ်သည်တော်အဖွဲ့ဝင် သူဝေခန့်(ခ)ကရင်ကြီး

 

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာလည်း ဇူလိုင်လ ၃ ရက်က စစ်ကိုင်းမြို့၊ ကံတလူ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ PDF ၂ ဦးနဲ့ CDM ကျောင်းဆရာမ ၁ ဦးကို ဖမ်းဆီးရမိထားတယ်လို့ ဖော်ပြထားပါတယ်။

 

ဇူလိုင်လ ၂ ရက်မနက်အစောပိုင်းမှာလည်း စစ်ကိုင်းမြို့နယ်၊ တလိုင်းရွာမှာ တိုက်ပွဲဖြစ်ပွားပြီး တလိုင်းကျေးရွာ ပကဖ ၃ ဦးနဲ့ PDF ၁ ဦး တိုက်ပွဲအတွင်း သေဆုံးခဲ့တယ်လို့သိရပါတယ်။ 

 

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#စစ်ကိုင်း #PDF #CDM #ဖမ်းဆီးခံရ #စစ်ကောင်စီတပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10