စစ်ကိုင်း-မုံရွာကားလမ်းမှာ ညဘက်မောင်းလာတဲ့ စစ်ကောင်စီယာဉ်ကြောင်း မိုင်းဆွဲခံရ

စစ်ကိုင်း-မုံရွာကားလမ်းမှာ ညဘက်မောင်းလာတဲ့ စစ်ကောင်စီယာဉ်ကြောင်း မိုင်းဆွဲခံရ

စစ်ကိုင်း-မုံရွာကားလမ်းမှာ ညဘက် သန်းခေါင်ကျော် ၁ နာရီအချိန် မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်သုံးစီးကို စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာနဲ့ အလ္လကပ္ပကျေးရွာကြားအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ People's knight Defense Force Myinmu (PKDF-MMU)မှ ဗိုလ်အေးချမ်းက ပြောပါတယ်။

အင်အား ၉၀ ခန့်ပါတဲ့ အဆိုပါ စစ်ကောင်စီယာဉ် ၃ စီးမှာ မေလ ၄ ရက် မနက်စောစော ၁ နာရီကျော်အချိန် စစ်ကိုင်းမြို့ကနေ မုံရွာမြို့ကိုထွက်ခွာလာတဲ့အချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


"ကား ၃ စီးမှာ ၂ စီးကိုမိုင်းဆွဲနိုင်ခဲ့တာ။ ပထမ တစီးဆိုရင် ကားကထိုးရပ်သွားတယ်။ ၅မိနစ်လောက် ကြာတယ်။ ယာဥ်မောင်းထိသွားတဲ့သဘော။ ဒုတိယအစီးကျတော့ ထိထိမိမိဆွဲနိုင်ခဲ့ပေမယ့် ရပ်မသွားခဲ့ဘူး။ သေဆုံး၊ ဒဏ်ရာရတာတွေ များနိုင်တယ်ဗျ။ သေဆုံးမှုကိုတော့ ကျနော်တို့လည်း စုံစမ်းနေတယ်"လို့ ဗိုလ်အေးချမ်းက ဆိုပါတယ်။

အခုလိုမိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ အလ္လကပ္ပကျေးရွာထဲနဲ့ ကားလမ်းဘေးတွေကို ၅ မိနစ်ကြာ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး မုံရွာမြို့ဖက်ကို ဆက်လက်မောင်းနှင်သွားခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ People's knight Defense Force Myinmu (PKDF-MMU) ၊ Dog Killers Defense Force ( DKPDF -MMU) ၊၊ D.B.B.F-MMU စတဲ့မဟာမိတ်အဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၉ ရက် ည ၉ နာရီကျော်အချိန်မှာလည်း စစ်ကိုင်းမြို့ကနေ မုံရွာနယ်၊ ဘိုးမင်းကြီးကင်းကျေးရွာ စခန်းကို အင်အားသွားဖြည့်တဲ့ အင်အား ၄၀ခန့်ပါ ကားတစီးကို PKDF- MMUနဲ့ မဟာမိတ်အဖွဲ့တွေက မြင်းမူမြို့ နဲ့ ဝမ်းပြည့် ကျေးရွာကြားမှာ ၂ ကြိမ်၊ ဝမ်းပြည့်ကျေးရွာ နဲ့ အလ္လကပ္ပကျေးရွာကြားမှာ ၄ ကြိမ်၊ စုစုပေါင်း ၆ ကြိမ်တိုင် မိုင်းဆွဲခဲ့တာကြောင့် ၁၃ ဦးသေဆုံးပြီး အပြားအပြားဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10