စစ်ကောင်စီကင်းပုန်းနဲ့တိုးပြီး PDF ရဲဘော် ၁၄ ဦးသေဆုံး

စစ်ကောင်စီကင်းပုန်းနဲ့တိုးပြီး PDF ရဲဘော် ၁၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာအနီးမှာ ဇွန်လ ၂၈ ရက် မနက် ၈ နာရီကျော်က ဒေသကာကွယ်ရေးတပ်ဖွဲ့ဟာ စစ်ကောင်စီတပ်ရဲ့ ကင်းပုန်းနဲ့ထိပ်တိုက်တိုးပြီး ပတ်ခတ်မှုဖြစ်ရာက PDF ၁၄ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။ 

PDF ရဲဘော် ၁၄ ဦးက ကားတစီးနဲ့ တလိုင်းကျေးရွာရဲ့ကားလမ်းမကို ဖြတ်သွားချိန် အသင့်ကင်းပုန်းဝပ်နေကြတဲ့ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အခုလိုဖြစ်သွားတာလို့ ဆိုပါတယ်။

"ရဲဘော်တွေက လမ်းကြောင်းသွားရင်း စကစရဲ့ကင်းပုန်းမှာ အငိုက်မိသွားတာ။ အလောင်းတွေကို စကစတွေက မီးရှို့သွားလို့ တလောင်းမှ ပြန်မရဘူးဗျ" လို့ စစ်ကိုင်းခရိုင် တပ်ရင်း(၃)မှ တာဝန်ရှိသူတဦးကပြောပါတယ်။

ကျဆုံးခဲ့တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၁၄ ဦးတွင် စစ်ကိုင်းခရိုင်တပ်ရင်း ၃ မှ ရဲဘော် ၉ ဦးနဲ့တခြား တပ်ရင်း ၂ ရင်းမှ ရဲဘော် ၅ ဦးပါဝင်ခဲ့ပြီး ရဲဘော်တွေရဲ့ ရုပ်အလောင်းတွေကို စစ်ကောင်စီတပ်သားတွေက မီးရှို့သွားပြီးနောက် ဝက်လက်မြို့နယ်၊ ပဲ့သူကြီးကျေးရွာထဲကို ဝင်ရောက်တပ်စွဲနေတယ်လို့ သူကဆက် ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ အခုရက်ပိုင်းအတွင်း မန္တလေးဘက်ကနေ စစ်ကိုင်းတိုင်းထဲကို ရေကြောင်းကနေကူးလာပြီး စစ်ကြောင်းဖြန့်ထိုးနေရာ ဝက်လက်ဘက်မှာ စစ်ကြောင်းတခု၊ စစ်ကိုင်းဘက်မှာ စစ်ကြောင်းတခုနဲ့ တခြားဘက်မှာလည်း စစ်ကြောင်းတခုဟာ ပြောက်ကျားအနေနဲ့ လှည့်လည်သွားနေတာတွေရှိတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

စစ်ကောင်စီဘက်က ဝါဒဖြန့်ချန်နယ်တွေမှာလည်း စစ်ကောင်စီကွန်မန်ဒိုအဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး PDF ၁၄ ဦး သေဆုံးကာ စနိုက်ပါ ၁ လက်၊ Type 81 ၇ လက်၊ KA 25 ၃ လက်၊ SIG Sauer P 320 ၁ လက်၊ လက်ပစ်ဗုံး ၁၀ လုံး၊ စကားပြောစက် ၆ လုံး၊ လက်လုပ်ဗုံး အများအပြား သိမ်းဆည်းနိုင်ခဲ့ပြီး စစ်သားတဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ အခုတပတ်ထဲ PDF စခန်း ၃ ခုထက်မနည်း စီးနင်းခံရကာ ကာကွယ်ရေးရဲဘော် ၃၀ ကျော် ကျဆုံးထားပြီး ဇွန်လ ၂၅ ရက်ကလည်း ငါန်းဇွန်ပကဖစခန်း စီးနင်းခံခဲ့ရပြီး ပြည်သူနဲ့ ရဲဘော် ၁၈ဦး သတ်ဖြတ်ခံခဲ့ရပါသေးတယ်။

 

ပုံစာ - စစ်ကောင်စီတယ်လီဂရမ်တွင် ဖော်ပြထားသော PDF ရဲဘော်တွေထံမှ သိမ်းဆည်းရမိဟုဆိုသည့် လက်နက်များ။

 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #စစ်ကိုင်းမြို့နယ် #တလိုင်းကျေးရွာ #PDF #ငါန်းဇွန် #ကင်းပုန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10