စစ်ကောင်စီကို ဝေဟင်က ခြိမ်းခြောက်လာတဲ့ ခေတ်သစ်ကျွဲညီနောင် (ရုပ်/သံ)

မကွေးတိုင်းထဲက ရေစကြိုမြို့နယ်မှာ အသက်၂၀ ကျော်၊ ၃၀ အရွယ် လူငယ်၊ လူလတ်ပိုင်း ၁၅ ယောက်လောက်က စစ်အာဏာရှင်ကို ဝေဟင်ကနေ တိုက်မယ်ဆိုပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာ ဒရုန်းတပ်ဖွဲ့ ကို စတင်ဖွဲ့စည်းခဲ့ကြပါတယ်။ 

ဒရုန်းလို့ဆိုပေမယ့် သူတို့အသုံးပြုနေကြတာက အဆင့်မြင့်ဒရုန်းအမျိုးအစားတွေ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင် ဖန်တီးထားတဲ့ အာစီပလိန်း လက်လုပ် ရီမုတ်နဲ့ ထိန်းချုပ်နိုင်တဲ့ လေယာဉ်ငယ်တွေပဲ ဖြစ်ပါတယ်။ 

သူတို့အဖွဲ့ကတော့ Super Fighter (ရေစကြို) PDF ဖြစ်ပါတယ်။ အဖွဲ့ထဲမှာ အခုဆိုရင် တက္ကသိုလ်ကျောင်းသားတွေနဲ့ ဒရုန်းသမားတွေအပါအဝင် သူတို့တပ်ဖွဲ့မှာ စုစုပေါင်းအင်အား ၄၀ ကျော်ရှိနေပြီး အာစီလေယာဉ် ၂ စီးကို ထုတ်လုပ်ထားပြီးဖြစ်ပါတယ်။

လက်ရှိ သူတို့ထုတ်လုပ်ထားတဲ့ လေယာဥ်၂ စီးနဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက စတင်ကာ ဆားလင်းကြီးမြို့နယ်က စစ်ကောင်စီစခန်းတခုကို စတင်ပွဲထုတ်တိုက်ခိုက်ခဲ့ရာက အခုဆိုရင် တိုက်ပွဲပေါင်း ၃၀ ကျော်ရှိပြီ ဖြစ်တယ်လို့ Super Fighter (ရေစကြို)  ဒု - ခေါင်းဆောင်ဗိုလ်မင်းက ပြောပါတယ်။

အရည်အသွေးကောင်း ဒရုန်းတစီးဟာ တန်ဖိုးအားဖြင့်များတဲ့အပြင် ပျက်စီးသွားရင်လည်း ပြန်ပြုပြင်ဖို့နဲ့ ဝယ်ယူဖို့ မတတ်နိုင်တာကြောင့် ဒရုန်းနီးနီး ပျံသန်းနိုင်တဲ့ လက်လုပ်လေယာဥ်လုပ်ပြီး တိုက်ခိုက်မယ်လို့ စိတ်ကူးရခဲ့တာဖြစ်တယ်လို့ သူက  ရှင်းပြပါတယ်။

အာစီပလိန်းတစီးကို အပြီးစီးထုတ်လုပ်နိုင်ဖို့အတွက် တန်ဖိုးအားဖြင့် ငွေကျပ် ၂၅ သိန်းဝန်းကျင် ကုန်ကျတယ်လို့ ဆိုပါတယ်။ ငွေးကြေးပံ့ပိုးမှုကတော့ ဘယ်သူ တဦး တယောက်ဆီကမှ မရရှိတာကြောင့် ရဲဘော်တွေရဲ့ နေအိမ်တွေ၊ ရွှေထည်ပစ္စည်းတွေကို ပေါင်နှံရောင်းချကာ ထုတ်လုပ်နေရတာ ဖြစ်တယ်လို့ ဒု-ခေါင်းဆောင် ဗိုလ်မင်းက  ရှင်းပြပါတယ်။

စစ်ကောင်စီကို အဆုံးထိတိုက်မယ်လို့ ခံယူထားကြတဲ့ Super Fighter (ရေစကြို)  အဖွဲ့ဟာ တော်လှန်ရေးအရှိန်မြှင့်လာတဲ့ ၂၀၂၃ ခုနှစ်မှာတော့ သူတို့အဖွဲ့မှာ တပ်ဖွဲ့ရပ်တည်ရေး အခက်အခဲတွေနဲ့ ကြုံနေကြရတာကြောင့် မရှိ ရှိတာလေးကို ရောင်းထုတ်ရင်း တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။

ငွေကြေးထောက်ပံ့မှုတွေ ရှိလာရင်တော့  တိုက်ခိုက်ရေးပိုင်းအတွက် အခုထက်ပိုပြီး ကောင်းမွန်တဲ့ အာစီပလိန်းလေယာဥ်လေးတွေကို ထုတ်လုပ်ဖို့ စီစဥ်ထားတယ်လို့လည်း ဆိုပါတယ်။

 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ခေတ်သစ်ကျွဲညီနောင် #အာစီပလိန်း #မကွေး #ရေစကြို #Super_Figher_PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10