စစ်ကောင်စီကြဲတဲ့ ဒရုန်းဗုံးထိလို့ ပြည်သူ ၃ ဦးသေဆုံးပြီး PDF ၃ ဦးအပါ ၁၂ ဦးဒဏ်ရာရ

စစ်ကောင်စီကြဲတဲ့ ဒရုန်းဗုံးထိလို့ ပြည်သူ ၃ ဦးသေဆုံးပြီး PDF ၃ ဦးအပါ ၁၂ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာနဲ့ ရွာသာယာရွာတို့မှာ စစ်ကောင်စီကြဲတဲ့ ဒရုန်းဗုံးထိလို့ ပြည်သူ ၃ ဦးသေဆုံးပြီး PDF ၃ ဦး အပါအဝင် ၁၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာလ ၈ ရက် မနက် ၈ နာရီလောက်မှာ ရေတာရှည်မှာအခြေစိုက်ထားတဲ့ စစ်ကောင်စီ တပ်သားတွေက ကဲလင်းဆိပ်ကျေးရွာကို ဒရုန်းဗုံးတလုံးကြဲချခဲ့ရာ ကဲလင်းဆိပ်ရွာ ရွာလယ်ပိုင်းရှိ စာသင်ကျောင်းအနီးကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုဖိုးချစ် ၁၈ နှစ်နဲ့ မောင်ပိစိ ၉ နှစ်တို့ ဒဏ်ရာရရှိခဲ့ပါတယ်။ 

ဒါ့အပြင် အဲ့ဒီနေ့လယ် ၁၂ နာရီကျော်မှာ ကဲလင်းဆိပ်ရွာနဲ့တဆက်တည်းရှိနေတဲ့ ရွာသာယာကျေးရွာ ရွာလယ်လမ်းဆုံကိုလည်း စစ်ကောင်စီက ဒရုန်းနဲ့ဗုံးသီး ၄ လုံးချခဲ့တာကြောင့် ဦးအေးလွင် ၆၃ နှစ်၊ မကြက်မ ၁၈ နှစ်နဲ့ မဝေဝေစိုး ၁၃ နှစ်နဲ့တို့ သေဆုံးခဲ့ပြီး မအေးစန်း ၄၅ နှစ်၊ ဦးငြိမ်းဆွေ ၆၃ နှစ်၊ ဒေါ်သန်းရီ ၇၀ နှစ်၊ ဦးသန်းလွင် ၆၀ နှစ်၊ ဦးထွန်းလွင် ၄၀ နှစ် တို့ ဒဏ်ရာရရှိခဲ့ပါတယ်။ 

အဲ့ဒီဖြစ်စဥ်မှာပဲ ရွာလယ်လမ်းဆုံအနီးရှိ စျေးဆိုင်မှာစျေးလာဝယ်တဲ့ PDF တပ်ဖွဲ့၀င် ၃ဦးဟာ ဗုံးစထိမှန်ခဲ့ကြတာပါ။

အလားတူ စက်တင်ဘာလ ၉ ရက်မနက် ၉ နာရီခန့်မှာလည်း ကဲလင်းဆိပ်ရွာရဲ့ သစ်ရှားတောပိုင်းက သင်္ချိုင်းကုန်းအနီး နေအိမ်ဘေးကို ဒရုန်းဗုံးတလုံးထပ်ကျခဲ့ပြိး နေအိမ်အတွင်းရှိနေတဲ့ မဇာဇာလင်း ၁၃ နှစ်၊ မောင်စိုင်းခန့်ဇော် ၄ နှစ်တို့ ဒဏ်ရာရရှိခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။ 

"ရွာသာယာမှာဖြစ်တဲ့ နေရာက ၃ ယောက်ပွဲချင်းပြီးပဲ။ ရွာလယ်လမ်းဆုံ လူအုပ်ထဲကျတဲ့ ဗုံးသီးတလုံးက ပေါက်ကွဲအားလည်းတော်တော်ပြင်းတော့ လူထိခိုက် သေဆုံးတာများတယ်။ ကျန်နေရာတွေကျတဲ့အလုံးတွေကတော့ လူထိပေမယ့်ဒဏ်ရာနည်းတယ်။" လို့ ဒေသခံတဦးကပြောပါတယ်။

ဒါ့အပြင် ဒရုန်းဗုံးသီးတွေဟာ ဘုန်းကြီးကျောင်းတွေနဲ့ လူနေအိမ်တွေကြားထဲ ကျရောက် ပေါက်ကွဲတာကြောင့် အဆောက်အဦနဲ့ နေအိမ် ၄ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၉ ရက်ညပိုင်းနဲ့ စက်တင်ဘာလ ၁၀ ရက် ဒီမနက်ပိုင်းမှာလည်း စစ်ကောင်စီဘက်က ကဲလင်းဆိပ်နဲ့ ပိန္နဲပင်ကျေးရွာတွေဘက်ကို လက်နက်ကြီး ၁၀ လုံးထက်မနည်းပစ်ခတ်ခဲ့ပြီး ထိခိုက်မှုတော့မရှိခဲ့ဘူးလို့ ဒေသခံတဦးက ပြောပတယ်။ 

ဒဏ်ရာမပြင်းထန်သူတွေကို ရေတာရှည်ဆေးရုံမှာကုသပေးနေပြီး ပြင်းထန်ဒဏ်ရာရသူတွေကတော့ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကို ပို့လိုက်ကြတယ်လို့ ဆိုပါတယ်။ 

စက်တင်ဘာလ ၃ ရက်ကလည်း ရေတာရှည်မြို့နယ်၊ ကျွဲကောပင်ကျေးရွာမှာစစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲပြီး လက်နက်ကြီးနဲ့ပါပစ်ခတ်လို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေး ၂ ဦးဒဏ်ရာရခဲ့ပါသေး တယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ရေတာရှည် #လက်နက်ကြီးပစ် #ဒေသခံ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10