စစ်ကောင်စီက ဒေသခံနေအိမ် ၂၃ လုံးကို မီးရှို့သွားတဲ့အပြင် နင်းမိုင်းတွေပါ ထောင်သွား

စစ်ကောင်စီက ဒေသခံနေအိမ် ၂၃ လုံးကို မီးရှို့သွားတဲ့အပြင် နင်းမိုင်းတွေပါ ထောင်သွား

ပဲခူးတိုင်းဒေသကြီး၊ မုန်းမြို့နယ်၊ ငထွေးစုပ်ကျေးရွာက ဒေသခံနေအိမ် ၂၃ လုံးကို မီးရှို့သွားတဲ့အပြင် နင်းမိုင်းတွေပါ ထောင်သွားတယ်လို့ စက်တင်ဘာလ ၁၉ ရက်မှာ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၇ ရက်မှာ ငထွေးစုပ်ရွာကနေ စစ်ကောင်စီတပ်တွေ ပြန်လည်ဆုတ်ခွါသွားပြီး KNLA ပူးပေါင်းတပ်တွေက နယ်မြေဝင်ရှင်းချိန်မှာ နေအိမ်တွေမီးရှို့ခံထားရတာနဲ့ နင်းမိုင်းတွေ ထောင်ထားတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

"နေအိမ်တွေကတော့ မီးလောင်လို့ တော်တော်ပျက်စီးနေတယ်။ နင်းမိုင်းတွေလည်း စကစ ဘက်က ထောင်ထားလို့ ရှင်းလင်း​နေရတယ်" လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ပြည်သူတွေ ကျေးရွာအတွင်း ပြန်လည်နေထိုင်နိုင်ဖို့ မိုင်းရှင်းလင်းရေးလုပ်ငန်းစဥ်တွေကို ဆောင်ရွက်ခဲ့ရာ M-14 နင်းမိုင်း ၁၂ လုံး ဖယ်ရှားပေးနိုင်ခဲ့ပြီး ကျန်ရှိနေနိုင်တဲ့ မိုင်းတွေကိုလည်း ဆက်လက်ရှာဖွေနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက မီးရှို့လို့ လူနေအိမ် ၂၃ လုံး၊ နွားတင်းကုပ် ၁ လုံး၊ စပါးကျီ ၃ လုံး မီးလောင်ပျက်စီးခဲ့ပြီး စစ်ကောင်စီထောင်ထားတဲ့ နင်းမိုင်းကြောင့် နွား ၁ ကောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဝင်လာလို့ ငထွေးစုပ်၊ ရေလဲဗမာ၊ ရေလဲကရင်ရွာက ဒေသခံ ၁၅၀၀ ကျော်ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်တွေကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်လို့ မုန်းမြို့နယ်၊ ဥသျှစ်ကုန်းရွာက စောချစ်နာဘူး ၃၄ နှစ်နဲ့ နော်ဖော်လောအယ် ၄၆ နှစ်တို့မှာ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #နင်းမိုင်း #မိုင်းအန္တရာယ် #စစ်ကောင်စီ #ပဲခူးတိုင်း #မုန်းမြို့နယ် #ကျေးရွာ #လက်နက်ကြီးပစ်ခတ်မှု #ပြည်သူလူထု #ထိခိုက်ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10