စစ်ကောင်စီက ပဲခူးမြို့နယ်ထဲက သစ်စက်တွေကို ဖိအားပေးပြီး စီးပွားရှာ

စစ်ကောင်စီက ပဲခူးမြို့နယ်ထဲက သစ်စက်တွေကို ဖိအားပေးပြီး စီးပွားရှာ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ထဲက သစ်စက်တွေကို စစ်တပ်က လိုက်စစ်ပြီး ကျွန်းသစ် ၁ တန်ကို ၄၅ သိန်းနဲ့ ဝယ်ရမယ်လို့ဆိုကာ အကျပ်ကိုင်ခြိမ်းခြောက်တာတွေရှိနေတယ်လို့ ဒေသခံသစ်စက်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

အောက်တိုဘာ ဒုတိယအပတ်လောက်ကစပြီး စစ်ကောင်စီတပ်ဟာ သစ်တောဌာနမှ တာဝန်ရှိသူတွေမပါဘဲ ပဲခူးမြို့နယ်အတွင်းက သစ်စက်တွေကို လိုက်လံစစ်ဆေးပြီးနောက် သူတို့ရောင်းပေးမယ့် ကျွန်းသစ် ၁ တန်ကို ၄၅ သိန်းနဲ့ဝယ်ယူရမယ့်အကြောင်းနဲ့ မဝယ်နိုင်ပါက သစ်စက်ကို ဆက်လက်လုပ်ပိုင်ခွင့်မပေးဘူးလို့ ခြိမ်းခြောက်ပြောဆိုတာတွေရှိတယ်လို့ ဆိုပါတယ်။

"သူတို့လက်ထဲမှာ သစ်က မရှိဘဲ ဘာသစ်နဲ့ရောင်းမလဲ။ ပြီးတော့ သူတို့ ရောင်းမယ့်စျေးက ပြည်ပပို့တဲ့ စျေးဖြစ်နေပြီ။ ဘယ်သူက ဝယ်နိုင်မလဲ။ ဓားပြတိုက်သလိုဖြစ်နေပြီ" လို့ ဒေသခံသစ်စက်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

စစ်ကောင်စီက သူတို့ဖမ်းဆီးရမိတဲ့ သစ်တွေကို သစ်စက်လုပ်ငန်းရှင်တွေအား အလှည့်ကျထုတ်ယူခွင့်ပေးမယ့် ပုံစံမျိုးနဲ့ ရောင်းချသွားမယ့်သဘောမျိုး ပြောဆိုသွားတယ်လို့ ပဲခူးမြို့နယ်ထမှ သစ်စက် လုပ်ငန်းရှင်တဦးက ပြောပါတယ်။ 

ဒါကြောင့် လက်ရှိမှာ စစ်ကောင်စီက သစ်စက်လုပ်ငန်းရှင်တွေကို သစ်ဝယ်ယူခွင့်ပါမစ်ကို အရင်ထုတ်ပေးဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီဘက်က ပြောဆိုခြိမ်းခြောက်မှုတွေကြောင့် ပဲခူးမြို့နယ်ထဲက သစ်စက်လုပ်ငန်းရှင်တွေဟာ လုပ်ငန်းဆက်မလုပ်ရမှာ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့  သစ်စက်လုပ်ငန်းရှင်တွေကို ခြိမ်းခြောက်ပြောဆိုသွားတဲ့အခြေအနေသာရှိနေပြီး သစ်ရောင်းတာမျိုးနဲ့ ငွေပေးရတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။ 

ပဲခူးမြို့နယ်အတွင်း သစ်စျေးကွက်မှာတော့ ပြည်ပပို့ ဆိုဒ်ဝင် ကျွန်းသစ် ၁ တန်ကို ကျပ်  ၂၅ သိန်းခန့်သာ စျေးပေါက်နေတယ်လို့ သိရပါတယ်။

ပဲခူးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သစ်တောဌာနက ဝန်ထမ်းတွေဟာ တလမှာ ၂ ကြိမ်ခန့် သစ်စက်တွေကို လိုက်စစ်ပြီး တကြိမ်လာရောက်ပါက သစ်စက် အရွယ်အစားအပေါ် မူတည်ပြီး ကျပ် ၃၀,၀၀၀ မှ ကျပ် ၂ သိန်းကျော်ထိ ပေးနေရတယ်လို့ ဆိုပါတယ်။

ပဲခူးမြို့နယ်အတွင်းမှာ သစ်စက်လုပ်ငန်းလုပ်ကိုင်သူအရေအတွက် ၁၀၀ ကျော်ရှိပြီး အများစုက နိုင်ငံတော်ကို အခွန်ဆောင်ပြီးမှာ လုပ်ကိုင်သူများတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်းတိုင်း #သစ်စက် #စစ်ကောင်စီ #ကျွန်းသစ် #သစ်ဈေး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10