စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ၆ လအရွယ် ကလေးအပါ ၄ ဦးဒဏ်ရာရ

စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ၆ လအရွယ် ကလေးအပါ ၄ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ညောင်ပင်ကြီးကျေးရွာနဲ့ ညောင်လေးပင်မြို့နယ်၊ ဝိုင်းကျေးရွာတွေမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ၆ လအရွယ် ကလေးအပါအဝင် ၄ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၄ ရက် ညနေ ၄ နာရီခွဲနဲ့ ည ၉ နာရီလောက်မှာ ညောင်လေးပင်မြို့တွင်း ခမရ ၁၀ နဲ့ တာပျက်တံတားရှိ စစ်ကောင်စီတပ်တွေကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာ ရွှေကျင်မြို့နယ်၊ ညောင်ပင်ကြီးကျေးရွာနဲ့ ညောင်လေးပင်မြို့နယ်၊ ဝိုင်းကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။ 

"မနေ့ကပစ်တဲ့ လက်နက်ကြီးကျလို့ ၆ လ(အရွယ်) ကလေးဆို အခြေနေတော်တော်ဆိုးတယ်။ စကစ ဘက်က ဟောင်ဝင်ဇာ ၁၂၀၊ ၈၁၊ ၆၀ တွေက နေ့တိုင်းကိုပစ်နေတာ။ တရွာမဟုတ်တရွာကို ပစ်နေတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိလို့ ဝိုင်းကျေးရွာက ၆ လသားအရွယ် မောင်ချစ်ကိုနိုင်နဲ့ မမြင့်မာ ၃၈ နှစ်၊ ညောင်ပင်ကြီးကျေးရွာက မမျိုးမျိုးထွေး ၁၉ နှစ်နဲ့ မအေးမွန်ခိုင် ၈ နှစ်တို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ညောင်ပင်ကြီးရွာက နေအိမ် ၃ လုံးနဲ့ ဝိုင်းကျေးရွာက နေအိမ် ၂ လုံး ပျက်စီးသွားခဲ့တယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။ 

ထိခိုက်ဒဏ်ရာရသူတွေအနက် ၆ လ အရွယ်ကလေးငယ်မှာ စိုးရိမ်ရအခြေအနေရှိတာကြောင့် ပဲခူးဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှုခံနေရတယ်လို့ သိရပါတယ်။

ဩဂုတ် ၂၉ ရက်မှာလည်း ညောင်လေးပင်မြို့နယ်၊ ပျဥ်ရေကြီးကျေးရွာမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကလေး ၁ ဦး အပါအဝင် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ရွှေကျင် #ညောင်လေးပင် #စစ်ကောင်စီ #လက်နက်ကြီးထိ #ဒဏ်ရာရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10