စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ပျူရွာ လက်နက်ကြီးနဲ့ အချက် ၂၀ ပစ်ခတ်ခံရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲက စစ်ကောင်စီလက်နက်တပ်ဆင်ပေးထားတဲ့ ရွာသာယာက ပျူစောထီးတွေကို မတ်လ ၂၄ ရက်မနေ့ည ၇ နာရီလောက်ကနေ ည ၁၂ အထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Bo Tiger- ဗိုလ်ကျားကြီး အဖွဲ့ဆီက သိရပါတယ်။

“မနေ့က ၄ နာရီလောက်က ကြက်တူရွေးရွာဘက်ကနေပြီးတော့ ရွာသာယာရွာဘက်ကို ကူးတာ၊ ညပိုင်းမှာ ရွာသာယာရွာထဲကို ဝင်ပြီးပစ်ခဲ့တာ၊ အဲ့လိုပစ်ခတ်တိုက်ခိုက်တာမှာ ထိခိုက်သေဆုံးမှုတော့မသိရသေးပါဘူး၊ သူတို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ၁၅ လုံးလောက်ပြန်ပစ်တယ်”လို့ Bo Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။

ရွာသာယာရွာမှာ ပျူ‌စောထီးအင်အား ၈၀ ဝန်းကျင်ရှိပြီး စစ်ကောင်စီက လက်နက်ပေးထားတဲ့ရွာဖြစ်ကာ လက်နက်ကြီးလက်နက်ငယ်အစုံရှိတယ်လို့ ဆိုပါတယ်။ ပစ်ခတ်ခံရပြီး မတ်လ ၂၅ ရက်ဒီကနေ့မှာတော့ အဲ့ဒီရွာမှာ စဉ့်ကူးဘက်ကနေ မော်တော် ၂ စီးနဲ့အင်အားထပ်ဖြည့်ထားတယ်လို့ သိရပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုကို Bo Tiger-ဗိုလ်ကျားကြီး၊ စဉ့်ကူး ပကဖ အဖွဲ့နဲ့ ရဲရဲတောက်အဖွဲ့တို့က ပူးပေါင်းပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့မတ်လ ၁၉ ရက်နေ့လယ်ပိုင်းကလည်း စဉ့်ကူးမြို့နယ်၊ ရွာသာယာရွာက စစ်တပ်သတင်းပေး အမျိုးသမီးတဦးကို Bo Tiger-ဗိုလ်ကျားကြီးအဖွဲ့က သေနက်နဲ့ပစ်ခတ် ရှင်းလင်းခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10