စစ်ကောင်စီက PDF အသွင်ယူပြီး စမွန်းရွာထဲဝင်ပစ်ခတ်လို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ

စစ်ကောင်စီက PDF အသွင်ယူပြီး စမွန်းရွာထဲဝင်ပစ်ခတ်လို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ စမွန်းရွာကို စစ်ကောင်စီစစ်ကြောင်းဝင်ပစ်ခတ်လို့ ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရသွားတယ်လို့ ဆားတောင်းမြို့ပြ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

ဇွန်လ ၂၉ ရက် မနက် ၅ နာရီလောက်မှာ အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက စမွန်းရွာထဲကို ဝင်လာပြီး ပစ်ခတ်သလို ထွက်ပြေးတဲ့သူတွေကိုလည်း ပစ်ခတ်တာတွေ လုပ်နေတယ်လို့ဆိုပါတယ်။

" စကစ က PDF ဝတ်စုံတွေနဲ့လာတော့ ရွာက လူတွေက ပထမတော့ မပြေးသေးဘူး။ နောက်မှ ပစ်ခတ်မှုတွေလုပ်တော့ PDF တွေမဟုတ်မှန်းသိလို့ ပြေးကြတာ။ ပြေးတဲ့ သူတွေလည်း သူတို့က မဲမဲမြင်ရာလိုက်ပစ်တော့တာပဲ။ ခုလည်း ပြေးလွှားရင်းနဲ့ ကျည်ထိသေဆုံး ဒဏ်ရာရသူတွေကို ကူညီပေးလာခဲ့ရသေးတယ်" လို့ ဆားတောင်းမြို့ပြ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက နံနက်အစောမှာပဲ သင်္ချိုင်းကုန်းဖက်က ဝင်ရောက်လာကြပြီး သေနတ်ပစ်ဖောက်ချိန်မှာ အိပ်ရာထဲမှာပဲ ရှိသေးတယ်လို့ စစ်ရှောင်တွေကို ကားနဲ့ကယ်တင်နိုင်ခဲ့တဲ့ ကားသမားတဦးက ပြောပါတယ်။

"ကျနော်ကသူတို့ကို ကားနဲ့တင်ပြီး ပြေးတဲ့အချိန်မှာ စကစတွေက ကျနော့်ကိုပစ်တာပေါ့။ ကျနော်ကကားကို နောက်ပြန်ဆုတ်လိုက်တော့ ကျနော့်ကိုမထိခဲ့ဘူး။ ကားနောက်မှာထိုင်နေတဲ့ စစ်ရှောင်တွေကိုပဲ တိုက်ရိုက်ထိမှန်တာ။ တယောက်က ပွဲချင်းပြီး သေတယ်။ ကျနော်ကတော့ ကားကို တရစပ်မောင်းပြေးလာခဲ့တယ်။ အဲနောက်ရွာထဲကို ပစ်ဝင်တော့တာပဲ။" လို့ ကားသမားက ထပ်မံပြောပါတယ်။

စစ်ကောင်စီဘက်က ပစ်ခတ်လို့ အသက် ၄၀ ကျော်အရွယ် မမာမာအေး သေဆုံးပြီး  အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦးနဲ့ သားဖြစ်သူ အသက် ၄ နှစ်အရွယ် ကလေး ၁ ဦးဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ရွာထဲမှာ ပိတ်မိနေသူတွေလည်း ရှိနေပြီး ထွက်ပြေးလွတ်မြောက်လာသူတွေလည်း ရှိနေပါတယ်။

လတ်တလောမှာတော့ သေဆုံးသူအမျိုးသမီးရဲ့ အလောင်းကို လမ်းတနေရာမှာ မြေ​မြှုပ်ပေးခဲ့ရပြီး ဒဏ်ရာရ သားအမိကိုတော့ ဆေးကုသနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဇွန်လ ၂၅ ရက်ကလည်း စစ်ကိုင်းမြို့နယ်၊ ကင်းတော်၊ လက်ပန်တော၊ မြင်းဆည်၊ ဥယျာဥ်၊ သုံးလင့်၊ ကိုင်းပြင် စတဲ့ရွာတွေကို စစ်ကောင်စီစစ်ကြောင်းထိုးလို့ ဒေသခံ ၁၀၀၀၀ ကျော်ထွက်ပြေးခဲ့ရသေးတယ်လို့ သိရပါတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#စစ်ကိုင်း #စမွန်းရွာ #စစ်ကောင်စီ #ပစ်ခတ်မှု #အရပ်သား #သေဆုံး #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10