စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ရှင်းပြီးအပြန် ထိတွေ့မှုဖြစ်ပြီး PDF တဦးသေဆုံး

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ရှင်းပြီးအပြန် ထိတွေ့မှုဖြစ်ပြီး PDF တဦးသေဆုံး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်က စစ်ကောင်စီခန့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတဦးကို ရှင်းလင်းပြီး အပြန်လမ်းမှာ စစ်အုပ်စုနဲ့ထိပ်တိုက် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ PDF တဦး သေဆုံးခဲ့တယ်လို့ TGYR- Youth Guerrilla Counter Revolution အဖွဲ့ဆီက သိရပါတယ်။ 

သေဆုံးခဲ့သူမှာ TGYR-PDF မှ ရဲဘော် အိုဝမ် ၂၀ နှစ်ဖြစ်ပြီး၊ မေလ ၂၄ ရက်နေ့လယ် ၂ နာရီလောက်မှာ သူအပါဝင် ရဲဘော် ၅ ဦးက သရက်ချိုပင်ကျေးရွာရဲ့အုပ်ချုပ်ရေးမှူးကို ရှင်းလင်းပြီး ပြန်လာချိန် အင်အား ၃၀ ကျော်ပါ စစ်ကောင်စီတပ်သားတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ TGYR-PDF မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"ရဲဘော်တွေအပြန်မှာ စကစတွေက ကား ၂ စီးနဲ့ စောင့်ဆိုင်းပစ်ခတ်တာကိုခံရတာ။ အဲ့မှာ ပြေးရင်း လွှားရင်း အိုဝမ်ကကျသွားတာ။ ကျနော်တို့မှာက စခန်းလည်းမီးရှို့ခံလိုက်ရတယ်။ ရဲဘော်သေတာကို မနေ့ (မေလ ၂၈ )ကမှ သိရတာ။ အလောင်းကတော့ အခုချိန်ထိမရသေးဘူး။ စကစတွေက အဲနားက ရွာထဲမှာ ရှိနေသေးလို့"လို့ ဆိုပါတယ်။

သရက်ချိုနဲ့ ဖောင်ကတောကျေးရွာ အကြားမှာ ထိတွေ့မှုဖြစ်ခဲ့ရာ ရဲဘော်အိုဝမ်ကို စစ်ကောင်စီ တပ်သားတွေက ပစ်ခတ်ဖမ်းဆီးပြီးနောက် သရက်ချိုကျေးရွာထဲကို ခေါ်ဆောင်သွားပြီး “PDF ရုပ်အလောင်းကို မြင်ဖူးချင်ရင် လာကြည့်ကြ”ဆိုပြီး အော်ဟစ်ပြောဆိုကာ ပစ်သတ်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်တွေက သရက်ချိုနဲ့ ဖောင်ကတောကျေးရွာ အနီးမှာပဲ ရှိနေတဲ့အတွက် ရဲဘော်ရဲ့အလောင်းကိုလည်း ပြန်ယူလို့မရသေးဘူးလို့ သိရပါတယ်။ 

အဆိုပါ ရဲဘော် ၅ ဦးဟာ မေလ ၂၄ ရက် မနက် ၇ နာရီလောက်မှာလည်း အသက် ၃၅ နှစ်အရွယ် သန့်ဇင်ကုန်းရွာအုပ်ချုပ်ရေးမှူး ဦးသန်းဇာ်လင်းနဲ့ ဇလှပ်မရွာ အုပ်ချုပ်ရေးမှူးတို့ကို ပစ်ခတ် ရှင်းလင်းခဲ့ပြီးနောက် နေ့လယ် ၂ နာရီအချိန်မှာ သရက်ချိုကျေးရွာရဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ် ရှင်းလင်းခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

မေလ ၂၆ ရက်မှာလည်း ဒီအဖွဲ့ (TGYR) ဖွဲ့စခန်းကို အင်အား ၂၀ ကျော်ပါတဲ့ စစ်ကြောင်းတခုက ရဲဘော်တွေရှေ့တန်းထွက်နေချိန် ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်စီးခဲ့တာကြောင့် သိန်း ၁၅၀ ခန့် ဆုံးရှုံးခံရတယ်လို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ 

#မန္တလေး #ငါန်းဇွန် #သရက်ချို #ဖောင်ကတော #ထိတွေ့မှု #PDF #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10