စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်သူ ပခုက္ကူမြို့နယ် ကြံ့ခိုင်ရေးပါတီအတွင်းရေးမှူး သေနတ်ပစ်ခံရပြီး သေဆုံး

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်သူ ပခုက္ကူမြို့နယ် ကြံ့ခိုင်ရေးပါတီအတွင်းရေးမှူး သေနတ်ပစ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတဦး ဇူလိုင်လ ၁ ရက်မွန်းလွဲ ၁၂ နာရီကျော်မှာ ပစ်ခတ်ခံရပြီးသေဆုံးနေတဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသတ်ခံရသူမှာ အသက် ၅၁ နှစ်အရွယ် အမှတ် (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းဖြစ် ပခုက္ကူမြို့နယ်ကြံ့ခိုင်ရေး (USDP) ပါတီအတွင်းရေးမှူးလည်းဖြစ်သူ ဦးဆွေလင်း ဖြစ်ပြီး သေနတ် ၃ ချက်ပစ်ခတ်ခံရကာ အဲ့ဒီဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

"UG တွေက ရှင်းလင်းခဲ့တာလို့သိရတယ်။ အလောင်းကိုတော့ မြို့ပြင်ကနေ မိသားစုတွေနဲ့ ရဲ၊စကစတွေ သွားကောက်ခဲ့တာ"လို့ ပခုက္ကူမြို့ခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

ဦးဆွေလင်း အသတ်ခံရပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတပ်သားတွေက အမှတ်(၅)ရပ်ကွက်ကို ပိတ်ဆို့ကာ စစ်ဆေးမှုတင်းကြပ်တာတွေ လုပ်ဆောင်ခဲ့ပြီး သူ့ရဲ့အလောင်းကို မနေ့ ညနေ ၄ နာရီလောက်မှာဘဲ သင်္ဂြိုလ်လိုက်တယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်လူမှုကွန်ယက်တွေမှာတော့ ဦးဆွေလင်းမှာ သူ့ရဲ့နေအိမ်ကုန်စုံဆိုင်ထဲရှိနေချိန် ဆိုင်ကယ် ၂ စီးနဲ့ PDF ၄ ဦးရောက်လာပြီး  ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပစ်ခတ်ခဲ့ကာ လက်ကိုင် ဖုန်း ၂ လုံးနဲ့ ဆိုင်ကယ် ၁ စီးတို့ကိုလည်း ယူဆောင်သွားတယ်လို့ ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် မနေ့ကမနက်ပိုင်းမှာဘဲ ပခုက္ကူမြို့နယ်၊ ကုန်းတက်ကျေးရွာအနီးမှာ ပျူစောထီးအလောင်းကို လာကောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သားတွေနဲ့ စီးနင်းလာတဲ့ ကားတွေထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ Young Force အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - ပခုက္ကူခရိုင် USDP။

စာတည်း - ရင်ငြိမ်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #စစ်ကောင်စီခန့် #အုပ်ချုပ်ရေးမှူး #သေဆုံးမှု #USDP #ပါတီဝင် #PDF

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10