စစ်ကောင်စီ ခြေလျင်စစ်ကြောင်း မိုင်းအလုံး ၂၀ ကျော်နဲ့ဆွဲခံရလို့ ၁ ဦးသေ၊ ၆ ဦးဒဏ်ရာရ

စစ်ကောင်စီ ခြေလျင်စစ်ကြောင်း မိုင်းအလုံး ၂၀ ကျော်နဲ့ဆွဲခံရလို့ ၁ ဦးသေ၊ ၆ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ညောင်ရင်းကုန်းကျေးရွာနဲ့ သစ်ချိုပင်ကျေးရွာကြားမှာ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းဟာ မိုင်းအလုံး ၂၀ ကျော်နဲ့ဆွဲခံရတဲ့အတွက် ၁ ဦးသေပြီး ၆ ဦးဒဏ်ရာရသွားတယ်လို့ နယ်စည်းမခြား ရွှေဘိုသားအဖွဲ့ဆီက သိရပါတယ်။

စက်တင်ဘာလ ၇ ရက် မနက် ၁၁ နာရီခန့်မှာ ရွှေဘိုမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းပတ်ထိုးနေတဲ့ အင်အား ၁၂၀ ဝန်းကျင်ပါ ခြေလျင်စစ်ကြောင်းကို မိုင်းအလုံး ၂၀ ကျော်ဆွဲပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

"ကျနော်တို့ဘက်ကဆင်ထားတဲ့ မိုင်းကွင်းထဲကို ဝင်လာလို့ ဆွဲလိုက်တာ။ မိုင်းတွေက ငါးလုံးတတွဲ လေးလုံး တတွဲ အဲ့လိုဆင်ထားတာ"လို့ နယ်စည်းမခြားရွှေဘိုသားအဖွဲ့ တာဝန်ခံ ဗိုလ်မိုက်ခဲက ပြောပါတယ်။

မိုင်းဆွဲခံရလို့ စစ်ကောင်စီဘက်က ၁ ဦးသေကာ ၆ ဦးဒဏ်ရာရသွားပြီး သေဆုံးထိခိုက်သူတွေကို စစ်ကောင်စီစစ်ကြောင်းက ညောင်ကန်ကျေးရွာထိ သယ်သွားကာ အဲ့ဒီကတဆင့် ကားတွေနဲ့ ရွှေဘိုဘက်ကို ပြန်သယ်သွားတယ် လို့ သိရပါတယ်။

အဆိုပါ ညမှာ စစ်ကောင်စီစစ်ကြောင်းက ညောင်ကန်ကျေးရွာမှာ ညအိပ်ပြီး စက်တင်ဘာလ ၈ ရက် မနက်ပိုင်းအထိ ပြန်မထွက်သေးဘူးလို့ ဆိုပါတယ်။

စက်တင်ဘာ ၄ ရက်နဲ့ ၅ ရက်တွေမှာ ရွှေဘိုကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရွှေဘိုမြို့နယ်၊ ပေါက်တုံ၊ ယင်းပုဂံ၊ ဘုရားလေးခြံကျေးရွာတွေနားမှာ ၂ ရက်အတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

 #မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့ #ညောင်ရင်းကုန်းကျေးရွာ #သစ်ချိုပင်ကျေးရွာ #မိုင်းဆွဲ #စစ်ကောင်စီ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10