စစ်ကောင်စီစခန်း ၄ ခု တပြိုင်တည်းတိုက်ခိုက်ပြီး စခန်း ၂ ခုကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆို

စစ်ကောင်စီစခန်း ၄ ခု တပြိုင်တည်းတိုက်ခိုက်ပြီး စခန်း ၂ ခုကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆို

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်က စစ်ကောင်စီစခန်း ၄ ခု တပြိုင်တည်း တိုက်ခိုက်ခံရပြီး စခန်း ၂ ခုကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဧပြီလ ၂၃ ရက်မှာ ကရင်အမျိုးသား အစည်းအရုံး - KNU ဗဟိုက ထုတ်ပြန်လာပါတယ်။
 
ဧပြီလ ၂၂ ရက်မနက် ၄ နာရီခွဲခန့်ကစတင်ပြီး ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်မဟာ (၃) တပ်ပေါင်းစုက ကေအဲန်ယူ-မူးမြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်းနဲ့ ကေအဲန်ယူ-လယ်ဒိုမြို့နယ်(ကျောက်ကြီး)ရှိ ညောင်ကုန်းစခန်းနဲ့ ကျွန်းကုန်းစခန်းတို့ကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
 
 
"၂ နေရာကိုတော့ သိမ်းပိုက်မီးရှို့နိုင်ခဲ့တယ်။ ၂ နေရာကတော့ နယ်မြေအခြေနေအရ အပြီးသိမ်းနိုင်တာမျိုးတော့ မရှိဘူး။ စကစဘက်ကတော့ သူတို့စခန်း တိုက်ခံရလို့ လေယာဥ်တွေနဲ့ ကရင်ရွာတွေကို ဦးတည်တိုက်ခိုက်လို့ ဒေသခံတွေထွက်ပြေးနေရတာတော့ရှိတယ်။ ဘယ်လောက်ထိ ပြေးနေရတယ်ဆိုတာကတော့ မသိရသေးဘူး"လို့ မြေပြင်နဲ့နီးစပ်တဲ့ PDF အဖွဲ့ဝင်တဦးကပြောပါတယ်။
 
တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီခန့်အကြာမှာ ညောင်ကုန်းစခန်းနဲ့ ကျွန်းကုန်းစခန်းကို ဖျက်စီးနိုင်ခဲ့ပြီး နောင်ကုန်းစခန်းနဲ့ ရန်မျိုးအောင် စခန်းကို သိမ်းပိုက်နိုင်တာမရှိဘူးလို့ သိရပါတယ်။
 
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး ၁ ဦးအပါအဝင် ၁၆ ဦးသေဆုံးကာ ၁၇ ဦးဒဏ်ရာရပြီး၊ လက်နက်အချို့ကို သိမ်းဆည်းနိုင်ခဲ့သလို KNLA တပ်မဟာ(၃) တပ်ပေါင်းစုဘက်မှ ၁ ဦးကျဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာခဲ့တယ်လို့လည်း သိရပါတယ်။
 
တိုက်ပွဲပြီးချိန်မှာတော့ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ ၁ စီး၊ ရဟတ်ယာဥ် ၂ စီးနဲ့ ညောင်တန်း၊ ညောင်ကုန်းနဲ့ နရွဲပင်ကျေးရွာကြားတွေကို ဗုံးကျဲ၊ ပစ်ခတ်တာတွေ လုပ်ခဲ့တာကြောင့် အဲ့ဒီကျေးရွာက ဒေသခံရာကျော် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
 
စာတည်း - လင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10