စစ်ကောင်စီစစ်ကြောင်းက ဖုံရွာကိုဝင်ပြီး ပြည်သူ ၃ ဦးကိုသတ်ကာ အိမ် ၃ လုံးကိုလည်းမီးရှို့ခဲ့

စစ်ကောင်စီစစ်ကြောင်းက ဖုံရွာကိုဝင်ပြီး ပြည်သူ ၃ ဦးကိုသတ်ကာ အိမ် ၃ လုံးကိုလည်းမီးရှို့ခဲ့

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဖုံရွာကို စစ်ကောင်စီနဲ့ပျူစစ်ကြောင်းက ဝင်စီးပြီး ပြည်သူ ၃ ဦးကို ပစ်သတ်ကာ နေအိမ် ၃ လုံးကိုလည်း မီးရှို့ခဲ့တယ်လို့ဒေသနဲ့နီးစပ်တဲ့ တော်လှန်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

ပစ်သတ်ခံရသူတွေက အသက် ၅၃ နှစ်အရွယ် ကိုအောင်ကျော်ဇင်၊ အသက် ၅၂ နှစ်အရွယ် ကိုရဲဝင်းနဲ အသက် ၄၅ နှစ်အရွယ် ကိုကျော်စွာဝင်းတို့ဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်မနက် ၄ နာရီကျော်လောက်မှာ ကျေးရွာထဲကို စစ်ကြောင်းဝင်လာချိန်မှာ ပစ်သတ်သွားတာလို့ဆိုပါတယ်။

"ရွာကိုဝင်လာကတည်းက ပစ်ဝင်လာတာ။ ပြည်သူတွေကလည်း ပြေးကြတာ။ သူတို့က ရွာထဲတင်ဖမ်းမိပြီးမှ ပစ်သတ်သွားတာမျိုးပါ။ "လို့ တော်လှန်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီနဲ့ပျူအဖွဲ့ဟာ ကိုရဲဝင်းကို ခြေထောက်ရိုက်ချိုး၊ ရင်ဘတ်ဓားနဲ့ထိုးပြီး သေနတ်နဲ့ပစ်သတ်ထားကာ၊ ကျော်စွာဝင်းကိုတော့ လည်ပင်းဓားနဲ့လှီးပြီး သေနတ်နဲ့ပစ်ထားသလို ကိုအောင်ကျော်ဇင်ကိုတော့ မျက်လုံးကိုသေနတ်နဲ့ပစ်ထားလို့ နောက်စေ့ပွင့်ထွက်ဒဏ်ရာတွေနဲ့ သေဆုံးသွားပါတယ်။

ပစ်သတ်ပြီးနောက်မှာတော့ သေဆုံးသူတွေပိုင်ဆိုင်တဲ့နေအိမ် ၃ လုံးကိုလညိးမီးရှိူ့သွားလို့ မီးလောင်ပျက်စီးကျန်ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူ ကိုရဲဝင်းနဲ့ ကိုကျော်စွာဝင်းတို့က ညီအကိုအရင်းတွေဖြစ်ပြီး ရပ်ရွာလှည့်စျေးရောင်းသူတွေဖြစ်ကာ ကိုအောင်ကျော်ဇင်ကတော့ တောင်သူဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံတွေကိုပစ်သတ်၊ နေအိမ်တွေမီးရှို့သွားတဲ့ စစ်ကောင်စီနဲ့ပျူစစ်ကြောင်းကတော့ နေ့ချင်းပဲ ကျေးရွာကနေ ထွက်ခွါသွားပါတယ်။

သေဆုံးသွားတဲ့အမျိုးသား အလောင်း ၃ လောင်းကိုတော့ ဒေသခံအချို့နဲ့ တော်လှန်ရေးအဖွဲ့ဝင်တွေက ကျေးရွာမှာပဲ နေ့ချင်း မီးရှိူ့သင်္ဂြိုဟ်လိုက်တယ်လို့ သိရပါတယ်။

စစ်ကြောင်းဝင်လာချိန် ကျေးရွာကနေ ထွက်ပြေးသွားတဲ့ဒေသခံတွေထဲမှာ စက်တင်ဘာ ၂၇ ရက်အထိ ကျေးရွာထဲကို အနည်းအကျဥ်းလောက်သာ ပြန်လာနေကြပြီး အများစုကတော့ စစ်ကောင်စီစစ်ကြောင်းရန်ကို ကြောက်ပြီး ပြန်မလာကြသေးပါဘူး။

ပြီးခဲ့တဲ့မေ ၁၄ ရက်ကလည်း မြင်းခြံမြို့နယ်၊ ရွာရှည်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်ပြီး ကျေးရွာကိုမီးရှိုကာ ဒေသခံ ၄ ဦးကိုလည်းပစ်သတ်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #ဖုံရွာ #စစ်တပ် #သတ်ဖြတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10