စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခံရလို့ ၄၀ခန့် သေပြီး ၅၀ နီးပါး လက်နက်ချအညံ့ခံ

စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခံရလို့ ၄၀ခန့် သေပြီး ၅၀ နီးပါး လက်နက်ချအညံ့ခံ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာ စစ်ကောင်စီ အထိုင်စခန်းကနေထွက်လာတဲ့ စစ်ကြောင်းကို ကာကွယ်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်ကြောင်းတခုလုံးနီးပါးပြုတ်ကာ ၄၀ ခန့် သေပြီး ၅၀ နီးပါး အရှင်ဖမ်းမိတယ်လို့ မြေပြင်ရဲဘော်တွေဆီက သိရပါတယ်။

အင်အား ၁၂၀ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို စက်တင်ဘာ ၃၀ရက် မနေ့ နေ့လယ် ၁၂ခွဲဝန်းကျင်က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၄နာရီကျော်ကြာအောင် အပြန်လှန် ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျတော့် မျက်မြင်အရ ပြောရမယ်ဆိုလို့ရှိရင် **အရှင်မိတာက ၅၀ ဝန်းကျင်ပတ်ချာလည်လောက်တော့ ရှိမယ်၊ အသေအနေနဲ့ကျတော့ ၄၀ ပတ်ချာလည် အဲ့ဝန်းကျင်လောက်တော့ရှိမယ်ဗျ၊ စစ်ကြောင်း ၁၂၀လုံးက ပြတ်သွားတယ်လို့ ပြောလို့ရတယ်ပေါ့နော်။”လို့ မြေပြင်ရဲဘော်တဦးက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းဟာ စက်တင်ဘာ တတိယပတ်က ဘုတလင်မြို့ပေါ်ကနေ ကူတော်ရွာအထိုင်စခန်းကို စစ်ကူသွားကြတာဖြစ်ပြီး ရွာကနေ စစ်ကြောင်းပြန်အထွက်မှာ အခုလို ပိတ်ဆို့ တိုက်ခိုက်ခံခဲ့ရတာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄၀ ခန့်သေဆုံးပြီး ၅၀ ဝန်းကျင်အရှင်ဖမ်းမိပေမယ့် လွတ်သွားတဲ့ စစ်သား အနည်းငယ်လည်း ရှိကာ သိမ်းဆည်းရမိတဲ့ လက်နက်တွေကတော့ စာရင်း အတိကျ မကောက်ရသေးဘူးလို့ ဆိုပါတယ်။ 

“မလွှဲသာလို့ လက်နက်ချတာမျိုးမဟုတ်ဘူး၊ ကျတော်တို့ဘက်က ပိတ်လိုက်တဲ့အတွက်ကြောင့်မို့ သူတို့က အညံ့ခံလိုက်ရတာပေါ့နော်၊ အခုထွက်လာတဲ့ စစ်ကြောင်းထဲမှာလည်း စစ်သားအသစ်တွေပါတယ်လို့ ပြောလို့ရတယ်။”လို့ သူက ဆက်ပြောပါတယ်။ 

တိုက်ပွဲဖြစ်နေစဥ်အတွင်း လေကြောင်းနဲ့ ၅ကြိမ်ထပ်မနည်း တိုက်ခိုက်ခံရပြီး ဗုံးသီးချကာ စက်လက်နဲ့ပစ်တာတွေရှိပေမယ့် ကာကွယ်ရေးတပ်တွေဘက်ကတော့ ထိခိုက်မှုနည်းပါးပြီး စစ်ကောင်စီ စစ်ကြောင်းတခုလုံးကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဲ့ဒီစစ်ကြောင်းဟာ ဘုတလင်ကနေ ကူတော်ရွာကိုသွားတဲ့ လမ်းတလျှောက်ကျေးရွာတွေကိုဝင်ကာ မီးရှို့သတ်ဖြတ်တာတွေ လုပ်ခဲ့ပြီး ကျွဲသေချောင်းရွာက ရွာသား တဦး၊ ဝန့်တုံရွာက ရွာသား ၂ ဦးနဲ့ ကတိုးရွာက ရွာသား ၁ ဦး သတ်ဖြတ်ခံခဲ့ရကာ ကတိုးရွာက နေအိမ် အလုံး ၂၀လည်း မီးရှို့ခံလိုက်ရတယ်လို့ သိရပါတယ်။

အခု တိုက်ခိုက်မှုကို နယ်မြေခံတပ်ရင်းတပ်ဖွဲ့တွေ၊ Local အဖွဲ့အစည်းတွေနဲ့ မဟာမိတ် တပ်ရင်းတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း- ဈာန်မြင့်

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10