စစ်ကောင်စီစစ်ကြောင်း ၂ ရက်ဆက် တိုက်ခိုက်ခံရလို့ အရာရှိ ၁ ဦးအပါ ၃၀ ဦးသေဆုံးဟုဆို

စစ်ကောင်စီစစ်ကြောင်း ၂ ရက်ဆက် တိုက်ခိုက်ခံရလို့ အရာရှိ ၁ ဦးအပါ ၃၀ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ထွက်လာတဲ့ ခမရ ၇၀၄ နဲ့ ခမရ ၇၀၈ ခြေလျင်လျှောက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းကို BNRA ရဲ့ ဝိမောက္ခစစ်ကြောင်းနဲ့ ရတနာသိင်္ခစစ်ကြောင်းတို့က ၂ ရက်ဆက် တိုက်ခိုက်ခဲ့ ရာ အရာရှိတဦးအပါအဝင် စစ်သား ၃၀ ဦးသေဆုံးတယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA ပြောရေးဆိုခွင့်ရှိသူ ကိုဆာန်က ပြောပါတယ်။

အောက်တိုဘာ ၂၅ ရက် ည ၁၁ နာရီဝန်းကျင်မှာ မင်းတဲကုန်းနဲ့ ကံပြားရွာအကြားမှာ တိုက်မိုင်း ၁၈ လုံး တကြိမ် မိုင်းဆွဲခဲ့ပြီး အောက်တိုဘာ ၂၆ ရက် မနက် ၁၀ နာရီကျော် ဘုတ္ထန်းကျေးရွာ အနောက်တောင်ဘက်မှာ တကြိမ်၊ နေ့လယ် ၁၂ နာရီခွဲမှာ တကြိမ် ထပ်မံတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အဲ့ဒီနေ့တိုက်ပွဲမှာ သူတို့ဘက်ကလွှတ်ပေးလိုက်တဲ့ ပြည်သူ ၄ ဦးရှိတယ်။ အသက်အရွယ်အိုမင်းတဲ့ အဖိုးကြီးတွေပြောပြချက်အရ တိုက်ပွဲဖြစ်တဲ့နေရာမှာတင် ပွဲချင်းပြီး ၁၀ ယောက်သေဆုံးတယ်။ ဒဏ်ရာပြင်းထန်သူတွေ ရှိတယ်လို့လည်း သိရတယ်။ တိုက်မိုင်းထိတုန်းက သေဆုံးတာနဲ့ဆိုရင် စုစုပေါင်း ၃၀ ကျော်တယ်လို့ ကျနော်တို့သိရပါတယ်” လို့ ကိုဆာန်က ပြောပါတယ်။ 

အောက်တိုဘာ ၂၆ ရက် မနက် ၁၀ နာရီ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီပဲယင်းမြို့နယ်ကထွက်လာတဲ့ ခမရ ၇၀၄ နဲ့ ခမရ ၇၀၈ စစ်သားတွေဟာ မင်းတဲကုန်း၊ ကံပြား၊ ပန်းပု၊ သိမ္ဘာ၊ ကျွန်းတောကြီး၊ ကျွန်းတောလေး၊ ဘုတ္ထန်းရွာတွေကို ဖြတ်လာတဲ့စစ်ကြောင်းဖြစ်ပြီး အဲဒီစစ်ကြောင်းကြောင့် နေအိမ် ၆ လုံး၊ ဆိုင်ကယ် ၂၅ စီး၊ မော်တော်ယာဥ် ၁ စီး ဆုံးရှုံးခဲ့ကာ ပြည်သူ(အမျိုးသား) ၂ ဦးနဲ့ ပကဖ ရဲဘော် ၁ ဦး သေဆုံးခဲ့ပါတယ်။ 

အဲ့ဒီစစ်ကြောင်းကို တိုက်ခိုက်ဖို့ BNRA အနေနဲ့ အောက်တိုဘာ ၂၁ ရက်တည်းက ကြိုတင်ပြင်ဆင်ခဲ့တာဖြစ်ပြီး တိုက်ပွဲ ၂ ခုပေါင်းတွင် ၆၀ မမ ဗုံးသီး ၂လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ အီနာဂါ ၁ လုံး၊ ၅.၅၆ ကျည် ၂၆၀ တောင့်၊ MA3 ကျည်ဘောက် ၁ ခု၊ ပစ္စတိုခါးပတ် ၁ ခု၊ နင်းမိုင်း ၁ ခု၊ ၁၂ ဗို့ကျည် ၃၀ တောင့်၊ ငွေကျပ် ၁၂ သိန်းကျော် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဒီပဲယင်းမြို့နယ် #စစ်ကောင်စီ #BNRA #ဝိမောက္ခစစ်ကြောင်း #ရတနာသိင်္ခစစ်ကြောင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10