သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အရှေ့ဘက်၊ စံပယ်နံသာကျေးရွာအနီး ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ တော်လှန်ရေးအဖွဲ့တွေရဲ့ ခဲယမ်းနဲ့ဆက်စပ်ပစ္စည်းအများအပြား ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသတော်လှန်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
နိုဝင်ဘာ ၃၀ ရက် မနေ့ နေ့လယ် ၁၂ နာရီခန့်မှာ တော်လှန်ရေးအဖွဲ့တွေရဲ့ခဲယမ်းပစ္စည်းတွေ တင်ဆောင်လာတဲ့ကား ၂ စီး ဟာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို လမ်းမှားပြီးရောက်သွားရာက ၁ စီး ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။
" ကားက ၂ စီး။ ၁ စီးပဲ အဖမ်းခံလိုက်ရတာ။ စကစတွေ တွေ့ချိန် ကားတွေကနောက်ပြန်လှည့်တာ ၁ စီးက ညှပ်ပြီးတော့ ကျန်ခဲ့တာ။ ကျန်ခဲ့တဲ့ ကားပေါ်မှာ ပစ္စည်းတွေကျန်ခဲ့တာ"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
လွတ်မြောက်သွားတဲ့ ကားမှာလိုက်ပါလာတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးမှာ ကန့်ဘလူနယ်အတွင်းက ဒေသကာကွယ်ရေးအဖွဲ့တခုထံမှာ ရောက်ရှိနေပြီး ဖမ်းဆီးခံလိုက်ရတဲ့ ကားကိုမောင်းနှင်လာတဲ့ တပ်ဖွဲ့ဝင် ၁ ဦးကတော့ ထွက်ပြေးနေရင်း အဆက်အသွယ်မရသေးဘဲ ပျောက်ဆုံးနေသေးတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်တွေမှာတော့ စံပယ်နံ့သာဂိတ်မှာ PDF အဖွဲ့တွေရဲ့ ကား ၁ စီးကို သိမ်းဆည်းရမိထားပြီး ကားပေါ်ကနေ ၅.၅၆ မမ ကျည် ၁၈၂၉ တောင့်၊ ၇.၆၂ မမကျည် ၂၀၁၉ တောင့်၊ ၄၀ မမဗုံးသီး ၅၀ လုံး၊ ၆၀ မမဗုံးသီး ၂ လုံး၊ ၇၃ မမဒုံးသီး ၂ လုံး၊ ၇၃ မမဒုံးသီး (ပို့ကျည်) ၃ ခု၊ တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၅၉ လုံး နဲ့ ကျည်အိမ်မျိုးစုံ စစ်ဝတ်ဆက်စပ်ပစ္စည်းအများအပြား သိမ်းဆည်းရမိထားတယ်လို့ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။
စစ်ကောင်စီဂိတ်မှာဖမ်းဆီးခံလိုက်ရတဲ့ကားပေါ်မှာ ခဲယမ်း၊ ယူနီဖောင်း၊ စစ်သုံးပစ္စည်းတွေ တင်ဆောင်လာတာဖြစ်ပြီး ကား ၁ စီးလည်း ဆုံးရှုံးခဲ့ကာ စစ်ကောင်စီတယ်လီဂရမ်မှာထုတ်ပြန်လာတဲ့ ဓာတ်ပုံမှတ်တမ်းတွေထဲက ပစ္စည်းတွေဟုတ်မှန်ကြောင်း ကန့်ဘလူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က အတည်ပြုထားပါတယ်။
အဆိုပါဖမ်းဆီးခံရတဲ့ကားနဲ့ ကားပေါ်က ခဲယမ်း၊ စစ်ဝတ်ဆက်စပ်ပစ္စည်းတွေဟာ စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၉၀၀၀ ခန့် ရှိတယ်လို့ တပ်ဖွဲ့ဝင်တွေဘက်က ခန့်မှန်းပြောဆိုထားပါတယ်။
ဩဂုတ် ၂၉ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာ စစ်ကောင်စီစစ်ဆေးရေး ဂိတ်ကိုလမ်းမှားရောက်သွားတဲ့ PDF ၂ ဦးကို စစ်ကောင်စီအဖွဲ့ဝင်တွေက ပစ်ခတ်လို့ သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#စစ်ကိုင်း #ကန့်ဘလူ #စစ်တပ် #စစ်ဆေးရေးဂိတ် #ဖမ်းဆီး
Share Share Share