သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်နဲ့ ရွှေကျင်မြို့နယ်ကြားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေက ဆန်နဲ့ စက်သုံးဆီသယ်ယူခွင့်ကို ကန့်သတ်ပြီး ငွေတောင်းတာတွေ လုပ်နေတဲ့အတွက် အခက်ကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင်လ ၂၅ ရက် နောက်ပိုင်းကစတင်ကာ ညောင်လေးပင်မြို့နယ်ကနေ စစ်တောင်းမြစ်အရှေ့ခြမ်း ရွှေကျင်ဘက်က ကျေးရွာတွေကို ဆန်နဲ့စက်သုံးဆီ သယ်ယူခွင့်ကို စစ်ကောင်စီဘက်က တားမြစ်ပိတ်ပင်တာတွေရှိလာပြီး ငွေပေးမှသွားလာလို့ ရနေတယ်လို့ ဆိုပါတယ်။
"ဆန်ဆိုရင် တအိမ်စားဖို့ လေးငါးပြည်လောက်ဘဲ သယ်လို့ရတယ်။ စက်သုံးဆီဆိုလည်း ရေသန့်ဘူး အသေးလောက်နဲ့ဘဲ တခါသုံးစာလောက်ဘဲ သယ်ခွင့်ပေးတယ်။ အဲ့ထက် ပိုများများသယ်လာရင် ဖမ်းတယ်။ အဖမ်းမခံချင်ရင် ငွေပေးရတယ်။ အဲ့တော့ ကုန်စျေးနှုန်းတွေက ပိုတက်လာတယ်။"လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကနေ ကန့်သတ်ငွေတောင်းနေလို့ ငွေကြေးတတ်နိုင်သူတွေအတွက် ပြသနာမရှိပေမယ့် သာမန်လက်လုပ်လက်စားတွေအတွက် ငွေကုန်ကြေးကျ ပိုများလာပြီး စားဝတ်နေရေး ခက်ခဲလာတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေကနေ ငွေတောင်း၊ ဖမ်းဆီးမှုတွေလုပ်နေတာကြောင့် ရွှေကျင်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းက ကျေးရွာတွေဖြစ်တဲ့ ပျဥ်ရေ၊ ဟင်းကလာ၊ ထမင်းရုံ စတဲ့ကျေးးရွာတွေအပါအဝင် ကျေးရွာတော်တော်များများကို ဆန်နဲ့ စက်သုံးဆီ ပြန်လည်ရောင်းချရတဲ့ စျေးသည်တွေအနေနဲ့လည်း ဝယ်ရင်းစျေးထက် စျေးပိုတင်ရောင်းချနေရတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ဒေသခံတွေအနေနဲ့ မြို့ပေါ်မှာ ဆန်တအိတ်ကို ကျပ် ၈ သောင်းခန့်ပေးဝယ်ရပါက ကျေးရွာတွေဘက်မှာ ကျပ် တသိန်းခန့်၊ စက်သုံးဆီတဂါလံ ကျပ် ၆ ထောင် ပေးရပါက ကျေးရွာတွေမှာ ကျပ် ၈ ထောင်ခန့်ထိ ပေးဝယ်နေရတာလည်း ဖြစ်ပါတယ်။
ခုလို ကန့်သတ် ငွေတောင်းတာတွေကို ညောင်လေးပင်မြို့နယ်ထဲက မုက္ခမူဂိတ်၊ တာပျက်ဂိတ်၊ ရေကြည်ချောင်း၊ မဒေါက် စစ်တောင်းတံတားဂိတ်၊ ရွှေကျင်မြို့နယ်ထဲက ရှမ်းရွာဂိတ်နဲ့ မဒေါက်ကလေးဂိတ်တွေမှာ ပြုလုပ်နေတာလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ဆေးရေးဂိတ်တွေကို ဒေသခံတွ ဖြတ်သန်းသွားလာပါက ဖုန်း၊ ဆိုင်ကယ်၊ ကားနဲ့ ပါလာတဲ့ပစ္စည်းတွေကို စစ်ဆေးပြီး ဖမ်းဆီးငွေတောင်းတာတွေလည်း လုပ်နေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ ညောင်လေးပင်မြို့နယ်နဲ့ ရွှေကျင်မြို့နယ်တွေထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေလို့ ခုလို လုပ်ဆောင်တာဟာ စစ်ကောင်စီဘက်က ဖြတ်လေးဖြတ် လုပ်နေတာလို့လည်း ဒေသခံတွေက သုံးသပ်ကြပါတယ်။
ပုံစာ - ညောင်လေးပင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တခု။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ညောင်လေးပင် #ရွှေကျင် #စစ်ကောင်စီ #တားမြစ် #ငွေတောင်း
Share Share Share