စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၁ ဦးသေပြီး၊ ၃ ဦးဒဏ်ရာရ

စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၁ ဦးသေပြီး၊ ၃ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မြွေတွင်းရွာကို စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးရမ်းသမ်းပစ်လို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဩဂုတ်လ ၂ ရက် ညနေ ၃ နာရီခွဲခန့်မှာ မုန်းမြိုနယ်၊ တုံးတောရွာရှိ ခမရ ၅၉၉ တပ်ကနေ မြွေတွင်းရွာဘက်ကို ၈၁ မမ ၁ လုံးနဲ့ပစ်ခတ်ခဲ့ရာ ကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

"တိုက်ပွဲကမရှိဘဲနဲ့ လက်နက်ကြီးတလုံးဘဲ ပစ်လိုက်တာ။  ဒေသခံတွေရဲ့ အိမ်နားကိုကျပြီး လူတွေထိခိုက်သေဆုံးတာရှိခဲ့တာ။ ထိခိုက်သေဆုံးသွားတဲ့ သူတွေကိုတော့ ဒေသအစီအစဥ်နဲ့ဘဲ ဆေးကုတာ၊ နာရေးကိစ္စတွေ လုပ်မှာလို့သိရတယ်။" လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က ပစ်တဲ့ လက်နက်ကြီးထိလို့ မသီတာအေး ၃၇ နှစ်ဖြစ်သူဟာ နေရာမှာဘဲ သေဆုံးသွားပြီး မချစ်ဖုန်း ၉ နှစ်၊ မဇင်မာဝင်း ၃၈ နှစ်၊ ဦးတင်ဦး ၇၂ နှစ်တို့ဟာ ဒဏ်ရာရသွားကြတယ်လို့ ဆိုပါတယ်။

ကျေးရွာထဲကို စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျလို့ ဒေသခံတွေထိခိုက်သေဆုံးသူတွေရှိပေမယ့် ကျေးရွာကနေ ရွေ့ပြောင်းတိမ်းရှောင်တာမျိုးမရှိဘဲ အခြေနေကို စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။

ဇွန်လ ၉ ရက်ကလည်း ကျောက်ကြီးမြို့နယ်၊ ဝါးပင်စုကျေးရွာနဲ့ တောင်ကြောင်ပေါက်ကျေးရွာတွေမှာ စစ်ကောင်စီဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးထိပြီး ကလေးငယ် ၂ ဦးအပါအဝင် ၃ ဦးသေဆုံးပြီး နေအိမ် ၇ လုံး မီးလောင်သွားတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပဲခူးတိုင်း #ကျောက်ကြီး #ပြည်သူလူထု #စစ်ကောင်စီ #၆၀မမ #သေဆုံးမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10