စစ်ကောင်စီတပ်က PDF ၁ ဦးကို ဖမ်းဆီးပစ်သတ်ပြီး ပခုက္ကူဒေသခံ ၃၀ ခန့်ကိုဖမ်းဆီးထား`

စစ်ကောင်စီတပ်က PDF ၁ ဦးကို ဖမ်းဆီးပစ်သတ်ပြီး ပခုက္ကူဒေသခံ ၃၀ ခန့်ကိုဖမ်းဆီးထား`

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကိုးပင်ကျေးရွာ၊ ရွှေချောင်းအနီးမှာ ဧပြီလ ၂ ရက်နေ့ နေ့လည်ပိုင်းက ဒေသကာကွယ်ရေးအဖွဲ့ဝင် ၁ ဦး ပစ်ခတ်ဖမ်းဆီးခံရပြီး အသတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

အသတ်ခံရသူဟာ ပခုက္ကူအခြေစိုက်ဒေသကာကွယ်ရေးအဖွဲ့ဝင် ရဲဘော်စပ်ဖြဲ ဖြစ်ပြီး ၎င်းရဲ့သူငယ်ချင်းဖြစ်သူ လူငယ် ၁ ဦးနဲ့ ကိုးပင်ရွာကို ဆိုင်ကယ်စီးနင်းထွက်လာချိန် စစ်ကောင်စီကင်းပုန်းနဲ့တွေ့ပြီး ပစ်ခတ်ဖမ်းဆီးခံခဲ့ရတာဖြစ်ကာ ရဲဘော် စပ်ဖြဲကိုပစ်သတ်ခဲ့ပြီး လူငယ်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။


"စပစ်ခံရတုန်းကတော့ ရဲဘော်စပ်ဖြဲက ပေါင်မှာဘဲ ဒဏ်ရာရတာ။ ညရောက်မှ ပစ်သတ်လိုက်တာ။ သွားတုန်းက သူတို့မှာ လက်နက်မပါသွားဘူး။ အဲဒါကို ကျဆုံးရဲဘော်လက်ထဲ သူတို့သေနတ်ထည့်ပြီး ပုံရိုက်တင်ထားကြတာ။ ကလေး ၂ ယောက်ကိုမိတော့ မြို့ထဲကနေအင်အားထပ်လာပြီး အဲရွာနားကိုလည်း စစ်ကြောင်းထိုးတယ်" လို့ ပခုက္ကူဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက မြေလတ်အသံကို ပြောပါတယ်။

ရဲဘော်စပ်ဖြဲနဲ့အတူ ဖမ်းဆီးခံရတဲ့လူငယ်ကို စစ်ဆေးပြီးတဲ့နောက် ပခုက္ကူမြို့ အမှတ် ၃ နဲ့ အမှတ် ၁၁ ရပ်ကွက်တွေအပါအဝင် ရပ်ကွက်တချို့က ဒေသခံ ၃၀ ဦးခန့်ကို ဧပြီလ ၂ ရက်အဲ့ဒီနေ့ညပိုင်းမှာပဲ ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီခံရသူတွေဟာ အသက် ၂၀ ကနေ အသက် ၆၀ အရွယ်ထိ အမျိုးသား၊ အမျိုးသမီးအရွယ်စုံပါဝင်ပြီး မိသားစုလိုက် ဖမ်းဆီးခံရတဲ့ အိမ်ထောင်စု ၄ စုရှိတယ်လို့ သိရပါတယ်။

“ဖမ်းသွားတာ မိသားစုလိုက်တွေ လူ ၃၀ လောက် ဖမ်းခံထားရတယ်။ ဝင်ဖမ်းတဲ့အချိန်က အဲ့ဒီမိသားစုတွေပိုင်တဲ့ ရွှေတွေ၊ငွေတွေရော အကုန်သိမ်းသွားတာ တန်ဖိုးဘယ်လောက်ထိ ပါသွားတယ်ဆိုတာ မသိရသေးဘူး” လို့ သူက ဆက်ပြောပါတယ်။

ဖမ်းဆီးထားသူတွေကိုတော့ ဧပြီလ ၄ ရက်နေ့ ဒီကနေ့မနက်ပိုင်းထိ ပြန်လွှတ်ပေးတာမျိုးမရှိသေးဘဲ ပခုက္ကူရဲစခန်းနဲ့ စစ်ကြောရေးစခန်းတွေမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10