စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို လမ်းမှားပြီးရောက်သွားတဲ့ PDF ၂ ဦး သတ်ဖြတ်ခံရ

စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို လမ်းမှားပြီးရောက်သွားတဲ့ PDF ၂ ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို လမ်းမှားပြီးရောက်သွားတဲ့ PDF ၂ ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဝက်လက်မြို့နယ်ပကဖထံက သိရပါတယ်။

ဩဂုတ် ၂၅ ရက် မနေ့မနက် ၉ နာရီကျော်မှာ ရွှေဘို-မန္တလေးလမ်းမအတိုင်း စစ်ကိုင်းဘက်ကနေ ယူနီဖောင်းဝတ် သေနတ်ကိုင်ဆောင်ကာ ဆိုင်ကယ်စီးနင်းလာတဲ့ PDF ၂ ဦးဟာ ရွာသာကြီးရွာလယ်ရှိ စစ်ကောင်စီဂိတ်ကို ရောက်ရှိသွားရာမှာ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတာလို့ ဆိုပါတယ်။

" သူတို့လာတာကိုမြင်လို့ စစ်ဆေးရေးလုပ်နေတဲ့ ကျနော်တို့အဖွဲ့က လှမ်းခေါ်သေးတယ်။ အဲ့ဒါကို မရပ်ဘဲနဲ့ လှည့်ကြည် လှည့်ကြည်လုပ်ပြီး ဆက်မောင်းသွားတာ။ ကားသမားတွေကလည်း ဟွန်းတီးပြီး သူတို့ကိုသတိလှမ်းပေးကြသေးတယ်။ မကြားဘဲနဲ့ ဆက်မောင်းသွားတာ။ စကစဂိတ်မှာ လမ်းသွားမေးတယ်နဲ့ တူပါတယ်။ အဲဒီမှာ ဖမ်းဆီးခံလိုက်ရတာပဲ"လို့ ဝက်လက်မြို့နယ်ပကဖ တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

PDF ရဲဘော် ၂ ဦး ဖမ်းဆီးခံရချိန် ဝက်လက်ဒေသမှာလှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ကင်းထောက်မှုပြုလုပ်ခဲ့ရာ အဆိုပါ ရဲဘော် ၂ ဦးကို စစ်ကောင်စီအဖွဲ့က ရိုက်နှက်နှိပ်စက်နေတဲ့ အခြေအနေကိုတွေ့ရှိခဲ့ရတယ်လို့ သူကဆိုပါတယ်။

ဖမ်းဆီးပစ်ခတ်ခံရတဲ့ PDF ရဲဘော် ၂ ဦးဟာ ဘယ်တပ်ဖွဲ့ကဖြစ်တယ်ဆိုတာကိုသိရဖို့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဝက်လက်ပကဖတာဝန်ရှိသူက ဆက်ပြောပါတယ်။

စစ်ကောင်စီထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ရွာသာကြီးကျေးရွာမှာ ဆိုင်ကယ်နဲ့လာတဲ့ PDF ၂ ဦး ကင်းပုန်းအဖွဲ့နဲ့တိုးပြီး ပစ်ခတ်ရှင်းလင်းနိုင်ခဲ့လို့ PDF အလောင်း ၂ လောင်း၊ သေနတ် ၁ လက်၊ ကျည် ၃၀ နဲ့ဆိုင်ကယ် ၁ စီးကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ရေးသားဖော်ပြထားကြပါတယ်။

ဧပြီ ၂၇ ရက်ကလည်း ရွှေဘိုမြို့နယ်၊ မင်းကုန်းကျေးရွာအနီးတံတား၊ ရွှေဘို-ဆိပ်ခွန်-ထူးကြီး-ဥသျှစ်ကြီး-နောင်ကြီးအိုင်-အရာတော်-မုံရွာလမ်းပိုင်းပေါ်မှာ စစ်ဆေးရေးလုပ်နေတဲ့ PDF အဖွဲ့ ပစ်ခတ်ခံရလို့ ၂ ဦးသေဆုံးခဲ့ပါသေးတယ်။

ဓာတ်ပုံ - စစ်ကောင်စီထောက်ခံရေးသားတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားတဲ့ အသတ်ခံရသူ PDF ၂ ဦး။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ဝက်လက် #PDF #သတ်ဖြတ်ခံရ #စစ်ကောင်စီတပ် #စစ်ဆေးရေးဂိတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10