စစ်ကောင်စီတပ်စွဲနေတဲ့ ငါန်းဇွန်က ပျူစောထီးစခန်း တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

စစ်ကောင်စီတပ်စွဲနေတဲ့ ငါန်းဇွန်က ပျူစောထီးစခန်း တိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်က စစ်ကောင်စီတပ်စွဲထားတဲ့ ရေလည်သောင်အနောက်ကျေးရွာက စစ်တပ် တပ်စွဲထားတဲ့စခန်းကို ဒေသကာကွယ်ရေးတပ်တွေက သြဂုတ် ၉ ရက် မွန်းလွဲ ၁ နာရီမှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် ၁ ဦးသေဆုံးခဲ့တယ်လို့ ကျောက်ဆည်ခရိုင်တပ်ရင်း ၂ က ပြောပါတယ်။

စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်နဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ကျေးရွာက ဘုန်းကြီးကျောင်းကို ဒရုန်း ၂ စီးနဲ့ အီနာဂါဗုံးသီး ၆လုံးချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ဗုံးသီး ၆ လုံးချတာမှာ ၄ လုံးပဲကွဲတယ်။ ကျန် ၂ လုံးက မကွဲလိုက်ဘူး။ စစ်သားတကောင်နေရာမှာတင် ပွဲချင်းပြီးသေသွားတာကို ဒရုန်းက မြင်ရတယ်။ ဒဏ်ရာရတဲ့ကောင်တွေလည်း များနိုင်တယ်။ ပျူရွာဆိုတော့ ဒဏ်ရာရအရေအတွက်တွေကို မသိနိုင်ဘူးဗျ" လို့ ကျောက်ဆည်ခရိုင်တပ်ရင်း ၂ မှယာယီတပ်ရင်းမှူး ကိုစစ်နိုင်ကပြောပါတယ်။

တိုက်ခိုက်နေချိန်အတွင်း စစ်ကောင်စီတပ်ဘက်က ဒရုန်းပျံဝဲတဲ့နေရာနောက်ကိုလိုက်ပြီး ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ဒရုန်း ၂ စီး အပါအဝင် PDF တွေ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်လို့ သူကဆိုပါတယ်။

ရေလည်သောင်အနောက်ကျေးရွာထဲ တပ်စွဲနေတဲ့စစ်ကောင်စီတပ်သားတွေဟာ အဲ့ဒီကျေးရွာအနီးမှာရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးမွှေနှောက်နေတာ၊ တော်လှန်ရေးအင်အားစုတွေ၊ PDFထောက်ပို့တွေကို ကင်းပုန်းဝပ်ပြီး ဖမ်းဆီးနေတာတွေကြောင့် အခုလို တိုက်ခိုက်ခဲ့တာလို့ ကိုစစ်နိုင်ကဆက်ပြောပါ တယ်။

ဒီတိုက်ခိုက်မှုကိုတော့ T.G.R People Defense Force၊ T.G.R Women Drone Force၊ Black Eagle Drone Force၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၂၊ ငါန်းဇွန်မြို့နယ် ပကဖ၊ ငါန်းဇွန် မီးနဂါးစတဲ့အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေ ၂၈ ရက်မှာလည်း စစ်ကိုင်းမြို့ကနေ မြင်းမူမြို့ကိုထွက်ခွာလာတဲ့ စစ်ကောင်စီ မော်တော်ယာဉ် ၄ စီး ကို ည ၆ နာရီကျော်မှာ T.G.R မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၂ တပ်ခွဲ ၄၊ Black Eagle People Defense Forceအဖွဲ့တို့က မိုင်း ၃ လုံးဆွဲတိုက်ခိုက်ခဲ့ရာ ကား ၄ စီးအနက် နောက်ဆုံးကား ၁ စီးမှာ မီးလောင်သွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #ငါန်းဇွန်မြို့နယ် #စစ်ကောင်စီ #ရေလည်သောင်အနောက်ကျေးရွာ #ဒရုန်း #အီနာဂါဗုံး #တိုက်ခိုက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10