စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကလေးအပါအဝင် ၃ ဦးဒဏ်ရာရပြီး ၁ ဦးစိုးရိမ်ရ

စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကလေးအပါအဝင် ၃ ဦးဒဏ်ရာရပြီး ၁ ဦးစိုးရိမ်ရ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ သက်ကယ်ကုန်းကျေးရွာကို စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကလေး ၁ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇွန်လ ၂၄ ရက် မနက် ၉ နာရီလောက်မှာ အင်ဝိုင်းကျေးရွာမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်က သက်ကယ်ကုန်းရွာဘက်ကို ၆၀ မမ အပါအဝင် လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ပြီး ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။

"စကစ ဘက်ကတော့ ရွာထဲမှာ PDF တွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရမ်းသမ်းပစ်တာပါပဲ။ တလုံးက ရွာလမ်းပေါ်ကျပြီး အိမ်အောက်မှာ လေဖြတ်လို့အိပ်နေတဲ့ အဖွားတဦးရယ်၊ လမ်းပေါ်ကလာတဲ့ သားအမိ ၂ ဦးရယ်ကို အစမှန်တာ"လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

လက်နက်ကြီးစထိမှန်တာကြောင့် လေဖြတ်ဝေဒနာခံစားနေရသူ ဒေါ်ပျော့အိ ၇၀ နှစ် မှာ အူထွက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ပြီး ဒေါ်မိုးမိုး  ၄၂ နှစ်မှာ လက်မောင်းပြတ်ရှဒဏ်ရာနဲ့ သမီးဖြစ်သူ မတာဖော ၉ နှစ်မှာ မျက်နှာ(ပါး) လက်နက်ကြီးအစထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရသွားသူတွေကိုတော့ ဒေသခံတွေက နီးစပ်ရာဆေးရုံနဲ့ ဆေးပေးခန်းတွေဆီကို ခေါ်ဆောင်ဆေး ကုသမှုပေးနေရပြီး စစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် လူထိခိုက်တာအပြင် နေအိမ် ၃ လုံးပါ ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

အင်ဝိုင်းကျေးရွာကစစ်ကောင်စီအဖွဲ့ဟာ သက်ကယ်ကုန်းရွာဘက်ကို မကြာခဏဆိုသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ သက်ကယ်ကုန်းရွာထဲက နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးမှုရှိခဲ့ပြီး လူထိခိုက်မှုကတော့ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#ပဲခူး #ကျောက်ကြီး #စစ်ကောင်စီတပ် #လက်နက်ကြီး #ပစ်ခတ်မှု #အရပ်သား #ထိခိုက်မှု #ဒဏ်ရာပြင်းထန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10