သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ သရက်မြို့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ မြို့ခံအမျိုးသား ၁၀ ဦးထဲက ၇ ဦးမှာ ၄ ရက် ကြာထိ ပြန်လွတ်မလာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
သြဂုတ် ၂၀ ရက် ည ၇နာရီကျော်မှာ သရက်မြို့၊ ရုံးရပ်ကွက်ရှိ ဇက်ဆိပ်အနီးက အရက်ဆိုင်မှာ အရက်သောက်နေကြချိန် အင်အား ၂၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ဝင်ရောက်ဖမ်းဆီးခြင်းကို ခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။
"အရက်ဆိုင်မှာ အရက်ထိုင်သောက်နေသူတွေ။ ဘယ်သူဘယ်ဝါပါသွားလဲဆိုတာကို တိတိကျကျမသိရ။ ယောက်ျား ၁၀ ယောက်ကတော့ ပါသွားတယ်။ အဲဒီထဲမှာ ဆိုင်ပိုင်ရှင်တောင် ပါသွားသေးတယ်" လို့ သရက်မြို့ခံ အမျိုးသားတဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူ ၁၀ ဦးထဲက ၃ ဦး သြဂုတ် ၂၁ ရက် မွန်းလွဲ ၂ နာရီကျော်မှာ ပြန်လွတ်လာခဲ့ပေမယ့် ကျန်တဲ့ ၇ ဦးကတော့ သြဂုတ် ၂၃ ရက် ဒီကနေ့အထိ ပြန်မလွတ်လာကြသေးဘူးလို့ ဆိုပါတယ်။
"သူတို့(စကစ)က ငွေညှစ်လို့ရတဲ့သူလောက်တော့ ပြန်လွှတ်ပေးတာပေါ့။ ကျန်တဲ့သူတွေကတော့ (စစ်)သင်တန်းတက်ဖို့ခေါ်တဲ့ သဘောပဲ" လို့ အထက်ပါ မြို့ခံအမျိုးသားက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ သရက်မြို့ခံတွေကို စစ်ကောင်စီက သရက်ခရိုင် ထွေအုပ်ရုံးမှာ ဖမ်းဆီးထားတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က အဲ့ဒီအမျိုးသား ၁၀ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် သရက်မြို့ပေါ်ရှိ နောက်ထပ်အမျိုးသားတွေ အကုန်လုံးနီးပါးဟာ မိမိတို့ နေအိမ်ကိုစွန့်ခွာပြီး ဘေးလွတ်ရာနေရာတွေဆီမှာ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သရက်မြို့အဝင်အထွက်အပါအဝင် မြို့နဲ့အနီးတဝိုက်က စစ်ကောင်စီတပ်ဂိတ်စခန်းတွေမှာ သရက်အခြေစိုက် ကပစ ၁၂ တပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲအထိုင်ချထားတာဖြစ်ပြီး အဲ့ဒီစစ်ကောင်စီတပ်သားတွေက လမ်းသွားလမ်းလာတွေကို ဖမ်းဆီးကာ ငွေတောင်းခံတာတွေလုပ်ဆောင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်နောက်ဆုံးအပတ်မှာလည်း သရက်မြို့ပေါ်ရှိ ထုံးတောင်၊ သရက်တော၊ နှင်းဆီမြိုင်စတဲ့ ရပ်ကွက် ၃ ခုက ပြည်သူတွေဟာ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ကို စစ်မှုမထမ်းရရေးအတွက် တအိမ်လျှင် ငွေ ၁၀,၀၀၀ ကျပ်စီ ပေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
ပုံစာ - စစ်ကောင်စီတပ်ဖွဲ့ဝင်များ မင်းလှသရက်လမ်းပိုင်းတွင် စစ်ဆေးရေးပြုလုပ်နေစဉ်။ (ပုံဟောင်း)
စာတည်း - လင်းဇေ
#မြေလတ်အသံ
#မကွေးတိုင်း #သရက်မြို့ #စစ်ကောင်စီ #အမျိုးသား #စစ်မှုထမ်း
Share Share Share