သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုင်းမနဲ့ ရှားချောင်းကျေးရွာကနေ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ ဖမ်းဆီးသွားတဲ့ ဒေသခံ ၃၇ ဦးအနက် အမျိုးသား ၃ ဦးမှာ ၁၅ ရက်ကြာတဲ့အထိ ပြန်မလွတ်လာသေးဘူးလို့ ကိုးတောင်ဘိုတိုက်နယ် ထောက်လှမ်းရေးအရာရှိ - IO ဆီက သိရပါတယ်။
ဖမ်းဆီးခံထားရသူ ၃ ဦးမှာ ရှားချောင်းရွာသားတွေဖြစ်တဲ့ အသက် ၁၃ နှစ်အရွယ် မောင်ခိုင်စိုးခန့်၊ အသက် ၅၂ နှစ်အရွယ် ကိုဇော်ဝင်း၊ အသက် ၂၂ နှစ်အရွယ် ကိုငပေါက်တို့ ၃ ဦးဖြစ်ပြီး ၎င်းတို့ကို ရိုက်နှက်နှိပ်စက်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
" သူတို့က အခုထိပြန်မလွတ်သေးဘူး။ သူတို့ကိုတော့ ခေါ်ထားလိုက်တော့တယ်။ ထမင်းတော့ ကျွေးတယ်။ ကိုဇော်ဝင်းတို့ကိုတော့ ရောက်ကတည်းက နှိပ်စက်နေတာတဲ့။ သူတို့ ၃ ယောက်ကိုတော့ ကိုးတောင်ဘိုပျူတွေက သိနေလို့ဖြစ်မယ်။"လို့ ပြန်လည်လွတ်မြောက်လာသူတွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး ကိုးတောင်ဘိုတိုက်နယ် ထောက်လှမ်းရေးအရာရှိ - IOက ပြောပါတယ်။
ဒီဇင်ဘာ ၁၆ ရက် မနက် ၅ နာရီကျော်မှာ ကိုးတောင်ဘို့ကျေးရွာ စစ်တပ်နဲ့ပျူစောထီးစခန်းတွေက စစ်ကောင်စီတပ် ပူးပေါင်းအင်အား ၅၀ ကျော်ဟာ ကိုင်းမရွာနဲ့ ရှားချောင်းရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံ ၃၇ ဦးကို ဖမ်းဆီးခဲ့တာပါ။
အဲ့ဒီနောက် ဖမ်းဆီးထားသူတွေထဲက ၃၄ ဦးကို ဒီဇင်ဘာ ၁၉၊ ၂၁ နဲ့ ၂၃ ရက်တွေမှာ ၃ သုတ်ခွဲ ပြန်လွှတ်ပေးခဲ့ပေမယ့် ၃ ဦးကိုတော့ လက်ရှိ ၁၅ ရက်ကျော်အကြာအထိ ဆက်လက်ဖမ်းဆီးထားတာလို့ ဆိုပါတယ်။
ပြန်လွတ်လာသူတွေရဲ့ပြောပြချက်အရ ဆက်လက်ဖမ်းဆီးခံထားရသူ ၃ ဦးကို နေ့စဉ်ရိုက်နှက်နှိပ်စက်ပြီး PDF အဖွဲ့တွေရှိတဲ့ စခန်းနေရာတွေကို မေးမြန်းနေကြသလို ပြန်လွှတ်ပေးလိုက်တဲ့သူတွေကိုလည်း PDF တွေရှိတဲ့နေရာကို မေးမြန်းပေမယ့် ရိုက်နှက်တာမျိုးမရှိဘူးလို့ သူကဆက်ပြောပါတယ်။
ကိုင်းမနဲ့ ရှားချောင်းရွာဟာ ပျူစောထီးနဲ့စစ်တပ်အထိုင်စခန်းတွေရှိတဲ့ ကိုးတောင်ဘိုရွာနဲ့ မီတာ ၁,၆၀၀ ခန့်သာ ဝေးကွာတဲ့အတွက် ဒေသခံတွေကျေးရွာထဲမနေထိုင်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သတိပေးထားတာကြောင့် လွန်ခဲ့တဲ့ ၅ လခန့်ကတည်းက ရွာပြင်ပမှာနေထိုင်နေကြပေမယ့် ဒေသခံအချို့ကတော့ ကျေးရွာအနီးမှာ လယ်ယာလုပ်ငန်းခွင်ဝင်နေတဲ့အတွက် ယာယီပြန်နေထိုင်ချိန် ယခုလို ဖမ်းဆီးခံလိုက်ရတာလို့ သိရပါတယ်။
ပုံစာ - ကန့်ဘလူမြို့နယ်မှ ဝါသဝဦးစီးသည့် ပြည်သူ့စစ်အဖွဲ့များ။ (ပုံဟောင်း)
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#ကန့်ဘလူ #ဒေသခံ #ပျူစောထီး #စစ်တပ် #ဖမ်းဆီး
Share Share Share