သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ စက်မှုဇုန်ဘက်ကနေထွက်လာတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ဟာ ငါန်းဇွန်မြို့နယ်၊ လက်ပံကျင်း(တောင်)ကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တွေကိုမီးရှို့ခဲ့တာကြောင့် ကိုယ်ဝန်ဆောင် ၁ ဦးအပါ ၄ ဦးသေဆုံးပြီး အိမ်ခြေ ၄၀၀ မီးလောင်ပျက်စီးခဲ့တယ်လို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင်တပ်ဖွဲ့ ဆီက သိရပါတယ်။
ဇန်နဝါရီ ၁၄ ရက် ဒီနေ့မနက် ၆ နာရီဝန်းကျင်မှာ ငါန်းဇွန်မြို့၊ စက်မှုဇုန်ဘက်ကနေထွက်လာတဲ့ အင်အား ၁၇၀ ဝန်းကျင်ပါ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဟာ လက်ပံကျင်း(တောင်)ရွာကို ၆၀ မမ လက်နက်ကြီး အလုံး ၂၀ လောက်ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ပစ်ခတ်တဲ့လက်နက်ကြီးထိမှန်တာကြောင့် လက်ပံကျင်း(တောင်)ရွာက ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးအပါ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးသေဆုံးခဲ့ပြီး အိမ်ခြေ ၆၀၀ ရှိတဲ့ရွာကို စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့က မီးရှို့တာကြောင့် အိမ်ခြေ ၄၀၀ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ ရွာထဲမှာ မီးရှို့နေချိန် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်ပံကျင်း(တောင်)ရွာနားက စေတီတစ်ဆူမှာ ကင်းပုန်းဝပ်စောင့်နေခဲ့ကာ ရွာထဲကနေ မီးရှို့ပြီး စစ်ကြောင်းခွဲထွက်လာတဲ့ အင်အား ၅၀ ပါ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ဆုံ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ခဲ့တယ်လို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင် တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။
“သူတို့ထဲ အယောက် ၅၀ လောက်က ကျနော်တို့ကင်းပုန်းဝပ်တဲ့နေရာနဲ့ ထိပ်တိုက်တွေ့တဲ့အချိန်မှာ ကျနော်တို့ ကင်းပုန်းဝပ်ပြီးတော့ ပစ်ခတ်တယ်။ ထိတွေ့ပစ်ခတ်မှုက တိုက်ပွဲချိန် ၂၅ မိနစ်ကြာတယ်။ မျက်မြင်ပြောနိုင်တာက ရန်သူ ၇ ဦးသေပြီးတော့ ဒဏ်ရာအမြောက်အများရတယ်။ မီတာ ၃၀ အကွာကနေ တိုက်ခိုက်ပစ်ခတ်ခဲ့တယ်” လို့ ဗိုလ်သက်ကြီးကပြောပါတယ်။
တိုက်ပွဲဖြစ်ပွါးနေချိန် စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ ၅ ကြိမ်ပျံဝဲခဲ့ပြီး ဒရုန်းသုံးကာဗုံးသီး အဆမတန်ချခဲ့တာကြောင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ခွါစစ်အသွင်ပြောင်းကာ ၄၀ မမတွေနဲ့ပစ်ခတ်ရင်း ဆုတ်ခွါခဲ့ရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွါးပြီးချိန် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဟာ လက်ပံကျင်း(တောင်)ရွာကနေ စက်မှုဇုန်ဘက်ကို ပြန်လည်ဆုတ်ခွါသွားပါတယ်။ စစ်ကောင်စီပူးပေါင်းတပ်တွေပြန်လည်ဆုတ်ခွါသွားချိန် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်ပံကျင်း(တောင်)ရွာထဲကို ဝင်ရောက်ပြီး ကူညီကယ်ဆယ်ရေးနဲ့ မီးငြှိမ်းသတ်ရေးကိစ္စတွေကို လုပ်ဆောင်ပေးခဲ့တယ်လို့ သူကပြောပါတယ်။
ဒီတိုက်ပွဲကို Zero ပြောက်ကျားတပ်မဟာ၊ တပ်ရင်း ၇ မြင်းခြံခရိုင်က ဦးဆောင်ပြီး ငါန်းဇွန်မြို့နယ် ပကဖ၊ မြင်းခြံခရိုင် တပ်ရင်း ၆ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကာ မန္တလေးခရိုင် တပ်ရင်း ၅ ကတော့ စစ်ကူအရံဖြစ်ပါရှိခဲ့တယ်လို့ သိရပါတယ်။
စာတည်း - ကိုချမ်း
#မြေလတ်အသံ
#မန္တလေးတိုင်း #ငါန်းဇွန် #လက်ပံကျင်း(တောင်)ရွာ #လက်နက်ကြီး #မီးရှို့ #သေဆုံး
Share Share Share