စစ်ကောင်စီတပ်ဖွဲ့ဝင်ချင်း အချင်းများပြီး လက်ပစ်ဗုံးနဲ့ပစ်လို့ တပ်ကြပ်ကြီးနဲ့တပည့်ဖြစ်သူ သေဆုံး    ■ လက်ပစ်ဗုံးနဲ့ပစ်တဲ့စစ်ကောင်စီတပ်သားက လက်နက်ယူပြီးထွက်ပြေးသွားလို့ တောနင်းရှာဖွေနေ

စစ်ကောင်စီတပ်ဖွဲ့ဝင်ချင်း အချင်းများပြီး လက်ပစ်ဗုံးနဲ့ပစ်လို့ တပ်ကြပ်ကြီးနဲ့တပည့်ဖြစ်သူ သေဆုံး ■ လက်ပစ်ဗုံးနဲ့ပစ်တဲ့စစ်ကောင်စီတပ်သားက လက်နက်ယူပြီးထွက်ပြေးသွားလို့ တောနင်းရှာဖွေနေ

 

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ချင်း အချင်းများရာက လက်ပစ်ဗုံးနဲ့ပစ်လို့ တပ်ကြပ်ကြီး ၁ ဦးနဲ့ ၎င်းရဲ့တပည့်ဖြစ်သူရွာသား ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတဦးထံက သိရပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်ညပိုင်းမှာ ပန်းတောင်းမြို့နယ်၊ မသုန်ရွာ၊ မသုံးချောင်းဖျား (ဒေသအခေါ်သူရဲတန်းချောင်း)အနီးတောတွင်းရှိ စစ်ကောင်စီတပ် ကာကင်းစခန်းက တပ်သား ၁ ဦးနဲ့ တပ်ကြပ်ကြီး  ၁ ဦးတို့ အချင်းများရာက ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

" တပ်ကြပ်ကြီးကတပ်သားကို အနိုင်ကျင့်တယ်၊ ဆဲတယ်၊ ရိုက်နှက်တာပေါ့။ အမျိုးမျိုး အလုပ်တွေခိုင်းတယ်။ အဲဒါကိုမခံနိုင်တော့ တပ်သားက လက်ပစ်ဗုံးနဲ့ ပစ်လိုက်တာ။ ဗုံးပစ်တဲ့အချိန်မှာ တပ်ကြပ်ကြီးနဲ့ငစိုးက အတူတူရှိနေတာ။ နှစ်ကောင်လုံးပွဲချင်းပြီးတဲ့” လို့ ဖြစ်စဥ်ကိုသိရှိထားတဲ့ ဒေသသတင်းရင်းမြစ်က မြေလတ်အသံကို ပြောပါတယ်။

တပ်သားဖြစ်သူက လက်ပစ်ဗုံးနဲ့ပစ်ခတ်တာကြောင့် တပ်ကြပ်ကြီးနဲ့ တပည့်ဖြစ်တဲ့ မြောက်ဘက်ခုံကျေးရွာနေထိုင်သူ ငစိုးတို့ သေဆုံးခဲ့ပြီး အချင်းများခဲ့တဲ့ တပ်သားနဲ့ တပ်ကြပ်ကြီးတို့ရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

သေဆုံးခဲ့တဲ့ ငစိုးဆိုသူမှာ အဆိုပါစစ်ကောင်စီကာကင်းစခန်းအတွက် တောတွင်းလမ်းပြတာ၊ ရိက္ခာပို့တာအပြင် အထွေထွေကိစ္စတွေမှာ သေဆုံးသူတပ်ကြပ်ကြီးက ခေါ်ယူခိုင်းစေနေသူဖြစ်တယ်လို့ သိရပါတယ်။

လက်ပစ်ဗုံးနဲ့ပစ်ခတ်ခဲ့သူ စစ်ကောင်စီတပ်သားဟာ အခင်းဖြစ်ပွားပြီးနောက် လက်နက်ယူဆောင်ကာ ထွက်ပြေးသွားလို့ ဖေဖော်ဝါရီ ၁၁ ရက်ကစတင်ကာ မသုန်၊ မြောက်ဘက်ခုံ၊ လှည်းကူးရွာတွေနဲ့အနီးဝန်းကျင်တွေမှာ စစ်ကောင်စီတပ်အင်အား ၅၀ ကျော်က ၂ ဖွဲ့ခွဲကာ တောနင်းရှာဖွယ်နေပေမယ့် ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက်အထိ ရှာမတွေ့သေးဘူးလို့ ဆိုပါတယ်။

အဆိုပါစစ်ကောင်စီတပ်စခန်းဟာ မသုန်အခြေစိုက် ကပစ ၁၆ လက်နက်စက်ရုံရဲ့ ကာကင်းစခန်းဖြစ်ပြီး ကပစ ၁၆ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ပန်းတောင်းတပ်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်ထုတ်နုတ်အင်အားတွေပူးပေါင်းကာ စစ်သား ၁၀၀ ဝန်းကျင်တပ်စွဲနေတဲ့ စခန်းဖြစ်တယ်လို့ ပန်းတောင်းတပ်နယ်နဲ့နီးစပ်သူတချို့ထံက သိရပါတယ်။

မသုန် ကပစ ၁၆ အပါအဝင် ပန်းတောင်းနယ်အတွင်းမှာ ကပစစက်ရုံ/တပ် ၇ ခုနဲ့ ခြေလျင်၊ ခြေမြန်၊ အမြောက်တပ်ရင်းတချို့ရှိပြီး လက်ရှိမှာ အာရက္ခတပ်တော်-AA က ရခိုင်ရိုးမပေါ် တောင်ကုတ်နယ်နဲ့ ပန်းတောင်းနယ်အစပ် မိုးထိတောင်ကို ထိုးစစ်ဆင်နေတာကြောင့် ပန်းတောင်းမြို့နယ်အတွင်းမှာစစ်ကောင်စီဘက်က ခံစစ်အခိုင်အမာပြင်ဆင်နေတယ်လို့ သိရပါတယ်။

ပုံစာ - ပန်းတောင်းတပ်နယ်မှ စစ်ကောင်စီတပ်သားများ ပြည်မြို့တွင် တွေ့ရစဥ်။ (ပုံဟောင်း)

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပန်းတောင်း #ကာကင်းစခန်း #တပ်ကြပ်ကြီး #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10