စစ်ကောင်စီတပ်သားတွေက လက်ယက်ကုန်းရွာအပါ ရွာတွေကို နှစ်ခါပြန်မီးရှို့နေ

စစ်ကောင်စီတပ်သားတွေက လက်ယက်ကုန်းရွာအပါ ရွာတွေကို နှစ်ခါပြန်မီးရှို့နေ

စစ်ကိုင်းတိုင်း၊ ရေဦးနဲ့ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက မီးရှို့ခံထားရတဲ့ ကျေးရွာတွေကို ဇန်နဝါရီ ၂၃ ရက်နေ့မှာ ထပ်မံမီးပြန်ရှို့နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဒုတိယအကြိမ် မီးရှို့ခံနေရတဲ့ ကျေးရွာတွေကတော့ ရေဦးနယ်က ဇိန့်ဇွန်းရွာ၊ ပေါက်သာရွာ၊ ဒီပဲယင်းနယ်က ညောင်လှ၊ လက်ယက်ကုန်း၊ မူးခတွင်းကျေးရွာတွေ ဖြစ်ကြပြီး လက်ရှိအချိန်မှာ ပျက်စီးနေအိမ် အရေအတွက်ကို မသိရှိရသေးဘူးလို့ People's Defense Comradeမှ ပကဖရဲဘော် ထူးခန့်ဇော်က ပြောပါတယ်။

ပုံစာ - ရေဦးမြို့နယ် ဇိန့်ဇွန်းကျေးရွာကို စစ်ကောင်စီက ပထမအကြိမ် မီးရှို့ခဲ့စဥ် (ပုံဟောင်း) 

 

"မနေ့က ရေဦးနယ်တောင်ခြမ်း ဇိန့်ဇွန်းနဲ့ ပေါက်သာကို မီးရှို့ပြီး တပ်စွဲခဲ့တယ်။ ဒီနေ့မနက်မှာ ဒီပဲယင်းအရှေ့ခြမ်းရွာတွေဘက်ကို ဒုတိယအကြိမ် ထပ်ဝင်တယ်။ ဆည်ကြီးရွာဘက်က ခွေးတွေက ညောင်လှရွာကို ဆက်ဝင်ပြီး အခုမွန်းလွဲပိုင်းကစလို့  ဒုတိယအကြိမ် မီးဆက်ရှို့နေတယ်" လို့ဆိုပါတယ်။

ပုံစာ - ရေဦးမြို့နယ် ဇိန့်ဇွန်းကျေးရွာကို စစ်ကောင်စီက ပထမအကြိမ် မီးရှို့ခဲ့စဥ် (ပုံဟောင်း) 

 

ရေဦးနယ်၊ ဇိန့်ဇွန်းနဲ့ ပေါက်သာကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ မီးရှို့ခံခဲ့ရတာကြောင့် လူနေအိမ် ၁၇၉ လုံး ပျက်စီးခဲ့ရသလို ဒီပဲယင်းနယ်၊ လက်ယက်ကုန်း၊ ညောင်လှ၊ မူးခတွင်းကျေးရွာတွေကလည်း စက်တင်ဘာ ၁၆ ရက်နေ့မှာ မီးရှို့ခံခဲ့ရလို့ လူနေအိမ် ၃၀၀ ခန့် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ပုံစာ - ရေဦးမြို့နယ် ဇိန့်ဇွန်းကျေးရွာကို စစ်ကောင်စီက ပထမအကြိမ် မီးရှို့ခဲ့စဥ် (ပုံဟောင်း) 

 

"လက်ယက်ကုန်းကို မီးရှို့ခဲ့တဲ့ကောင်တွေက  မူးခတွင်းရွာကို ဆက်ဝင်ပြီး ၂ နေရာခွဲ မီးရှို့နေဆဲပဲဗျ။ မွန်းလွဲ ၁ နာရီခွဲလောက်အထိ လက်ယက်ကုန်းရော မူးခတွင်းရော ညောင်လှရွာရော ရှို့နေဆဲပါ။ ဒီပဲယင်းနယ်အရှေ့ခြမ်းကို စစ်ကြောင်းဝင်တိုင်း ညောင်လှရွာက ရွာကြီးဆိုတော့ အမြဲဝင်တယ်။ မီးမရှို့ခံရရင် မွှေနှောက်ဖျက်ဆီးတာခံရတယ်" လို့ ရဲဘော် ထူးခန့်ဇော်က ဆိုပါတယ်။

ပုံစာ - ရေဦးမြို့နယ် ဇိန့်ဇွန်းကျေးရွာကို စစ်ကောင်စီက ပထမအကြိမ် မီးရှို့ခဲ့စဥ် (ပုံဟောင်း) 

 

မီးရှို့ခံရတဲ့ကျေးရွာက ဒေသခံတွေအနေနဲ့ စစ်ကြောင်းနဲ့ ကင်းလွတ်တဲ့နေရာတွေဆီ ထွက်ပြေးခိုလှုံနေကြရတာကြောင့် မဟာမိတ် ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့၊ မြို့နယ် ပအဖ အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး တတ်နိုင်သလောက် စားရေးသောက်ရေး အကုန်စီစဥ်ပေးနေရတယ်လို့ ဆိုပါတယ်။

အခုလိုစစ်ကြောင်းထိုး မီးရှို့နေဆဲဖြစ်တဲ့ စစ်ကောင်စီတပ်သားတွေဟာ မော်လိုက်အခြေစိုက် ခမရ ၃၆၄ နဲ့ မှော်ဘီအခြေစိုက် ခလရ ၇၀၁ တို့မှ ဖြစ်ကြပြီး၊ သူတို့ဟာ အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်း ၂ ကြောင်းခွဲပြီးတော့ ကျေးရွာတွေကိုပတ်လှည့်ပြီးတော့ မီးရှို့နေကြတာဖြစ်တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10