စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ ကား ၂ စီး ကြားဖြတ်တိုက်ခံရလို့ သေနတ် ၁၀ လက်ရရှိကာ ၂၀ ဦးထက်မနည်းသေဆုံးတယ်လို့ဆို (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ ကား ၂ စီးနဲ့လိုက်ပါလာတဲ့ စစ်ကောင်စီနဲ့ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုများပြားကာ လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ Zero ပြောက်ကျားတပ်မဟာ မြင်းခြံခရိုင်တပ်ရင်း ၇ ဆီက သိရပါတယ်။

နန်းမြင့်ရွာအနီး တောင်ကြားကနေထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ပူးပေါင်းအင်အား ၆၀ ကျော်ပါ အဲ့ဒီကား ၂ စီးကို ဇန်နဝါရီ ၁၂ ရက် မနက် ၉ နာရီခန့်မှာ မြင်းခြံမြို့နဲ့ ၃ မိုင်ခန့်အကွာ တောင်ရှေ့လမ်းခွဲ တိုးလ်ဂိတ်အဟောင်းအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီခန့် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

“ ထွက်ပြေးတဲ့သူတွေကို ကျနော်တို့က လိုက်ပစ်တယ်။ ပစ်ခတ်ပြီး ရှင်းလင်းရေးသွားလုပ်တဲ့အချိန် RPG မှန်ထားတဲ့အတွက် ဖောကားပေါ်မှာ အလောင်းတွေထပ်နေပါတယ်” လို့ Zero ပြောက်ကျားတပ်မဟာ မြင်းခြံခရိုင်တပ်ရင်း ၇ တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေဆုံးပြီး MA 1 ၅ လက်၊ MA 3 ၁ လက်၊ ရှော့ဂန်း ၁ လက်၊ ကျည်ဆန်မျိုးစုံနဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့ကာ ရှင်းလင်းရေးလုပ်ဆောင်ချိန် စစ်ကူကားတွေအများအပြားလာတာနဲ့ လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်နေတာကြောင့် ကား ၁ စီးကိုသာ ရှင်းလင်းရေးလုပ်ဆောင်နိုင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“ နောက် ၁ စီးက ချောက်ထဲကျနေပါတယ်။ အဲ့ဒါတွေသာ အကုန်လုံး ရှင်းလင်းရေးလုပ်နိုင်ရင် သေနတ်တွေက ၃၀ လောက်ရမှာပါ။ ကျနော်တို့ မျက်မြင်ကတော့ ၂၀ လောက်သေတယ်၊ ခန့်မှန်းကတော့ ၄၀ လောက်သေတယ် ပြောလို့ရမယ်။”လို့ ၎င်းက ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ သေဆုံးမှုအရေအတွက်တွေကိုတော့ မြေလတ်အသံက သီးခြားအတည် မပြုနိုင်သေးပါဘူး။

ဒီစစ်ဆင်‌ရေးကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင် ဒုတပ်ရင်းမှူး ဗညားနဲ့ မြင်းခြံခရိုင် တပ်ရင်း ၁ ရဲ့ ဒုတပ်ရင်းမှူး အတီး တို့က ဦးဆောင်ပြီး မြင်းခြံခရိုင် တပ်ရင်း ၁၊ မြင်းခြံခရိုင် တပ်ရင်း ၂ နဲ့ ဗိုလ်စွန်ရဲ ပကဖ အဖွဲ့တို့က ပါဝင်ဖော်ဆောင်ခဲ့တာလို့ သိရပါတယ်။ 

စာတည်း - ဟိန်းစံ၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကောင်စီ #တိုက်ခိုက် #ယာဉ်တန်း #လက်နက်ခဲယမ်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10