စစ်ကောင်စီတပ်သား ၇ ဦးသေခဲ့တဲ့ မင်းတုန်းဂိတ် အနီးကပ်တိုက်ပွဲ (ရုပ်/သံ)

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့မှာ စစ်ကောင်စီရဲ့ အရေးပါတဲ့ ဂိတ်ဖြစ်တဲ့ ၅မိုင် စစ်ဆေးရေးဂိတ်(မင်းတုန်း)ကို ကာကွယ်ရေးတပ်ဖွဲ့တွေက အနီးကပ်ဝင်ရောက် တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီဘက်က ၇ ဦးသေတယ်လို့ သိရပါတယ်။

ဩဂုတ် ၁၅ ရက် မနေ့ ညနေ ၄နာရီက ကန်လည်ဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးချကာ စစ်ကောင်စီအင်အား ၃၀ နီးပါးရှိတဲ့ ၅မိုင်ဂိတ်ကိုတော့ ၄၀မမ၊ RPG၊ မောင်းပြန်တွေနဲ့ ပစ်ခတ်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်လို့ တိုက်ပွဲ ၁နာရီကျော်ကြာခဲ့တယ်လို့ ဆိုပါတယ်။

“ရန်သူက ဘန်ကာတွေထဲမှာ အခိုင်အမာ နေရာယူထားတာကို ဝင်လုံးပြီး ပစ်ရတာမလို့ ပစ်အားပိုင်းမှာ ကျနော်တို့ ဖိသုံးရတာမျိုး ရှိခဲ့ပါတယ်။ နောက်တခုက မြို့တွင်းလမ်းမကြီးပေါ်မှာ ဖြစ်တဲ့ပွဲမို့ မြို့ပြတိုက်ပွဲဆန်ပါတယ်။ ထူးခြားချက်ကတော့ ၁ နာရီကြာ တိုက်ပွဲတွင်းမှာ မြို့ပြနဲ့ အနီးဆုံး ရန်သူစခန်းဖြစ်ပေမယ့် ရန်သူဘက်က စစ်ကူ မလာတာပါ။ ဒါက သူတို့မှာ လူအင်အား နည်းပါးနေတယ်ဆိုတာကို ကျနော်တို့ သုံးသပ်မိပါတယ်။"လို့ ကျောင်းသားလက်ရုံးတပ်တော် တာဝန်ခံတဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၇ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာ အပြင်းထန်ရခဲ့ပြီး သေဆုံးအလောင်းတွေကိုတော့ ကပစကို သယ်ယူဖို့လုပ်နေပြီး ဒဏ်ရာရတပ်သားတဦးကိုတော့ မင်းတုန်းဆေးရုံမှာ ကုသနေတယ်လို့ သိရပါတယ်။

“၅မိုင်ဂိတ်ကို သိမ်းနိုင်လောက်တဲ့ထိ ပြင်ဆင်ပြီး သွားတာပေါ့။ ကျနော်တို့ဘက်က အ‌ချိန်အကန့်အသတ်ရှိတယ်။ လက်နက်ခဲယမ်း အကန့်အသတ်ရှိတယ်။ နောက်ပြီး ကျနော်တို့ဘက်က လက်နက်ကြီးတခုက Error ဖြစ်တာ ရှိသွားတဲ့အတွက် လိုချင်တဲ့ စခန်းသိမ်းနိုင်တဲ့ထိတော့ မရောက်ခဲ့ဘူး။ အနီးကပ်ဆုံး ဝင်ရောက်တိုက်ခဲ့တယ်။ သူတို့ဘက်ကလည်း စက်လတ်တွေ၊ ၄၀ မမ တွေနဲ့ပြန်ထုတာတွေရှိတယ်။"လို့ သရက်ခရိုင် တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ညတွင်းချင်းပဲ သရက် ကပစ ၁၂ ကနေ အင်အား ၁၀၀ ထပ်တိုးထားပြီး မင်းတုန်းမြို့နယ်ကိုလည်း တခြား‌အကြောင်းရာနဲ့ အင်အား ၁၅၀ပါ စစ်ကြောင်းတခု ရောက်နေတဲ့အတွက် အခုလက်ရှိ မင်းတုန်းမြို့ပတ်လည်မှာ စစ်ကောင်စီအင်အား ၂၀၀ကျော်ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင် တပ်ရင်း ၄ Eagle Force၊ ကျောင်းသားလက်ရုံးတပ်တော် SAF၊ လွတ်မြောက်ရေး အင်အားစု စစ်သည်တော်များတပ်ဖွဲ့ Wolfတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၀ရက် မနက် ၅နာရီခွဲကလည်း အဆိုပါဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#မကွေး #မင်းတုန်း #စစ်ကောင်စီ #စစ်ဆေးရေးဂိတ် #အနီးကပ် #တိုက်ခိုက် #ဒရုန်း #တိုက်ပွဲ #သတင်း #ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10