စစ်ကောင်စီ ထောက်ပို့သင်္ဘော ၂ စီး ပစ်ခတ်တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားရဲစခန်းကို ထောက်ပို့လာတဲ့ စစ်ကောင်စီ သံခွန်သင်္ဘော ၂ စီးကို ရွာသစ်ရွာအနီးမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၇၊ တောကြီးမြွေပွေးပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီ သံခွန်သင်္ဘော ၂ စီးဟာ ဇန်နဝါရီ ၅ ရက်  မနက် ၁၀ နာရီလောက်မှာ စဉ့်ကူးနယ်၊ ရွာသာယာကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ထွက်လာကာ ဝက်လက်မြို့နယ်ထဲက ရွာသစ်ရွာအနားမှာ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။ 

"ရှိန်းမကားရဲစခန်းကို ထောက်ပို့ပစ္စည်းလာပို့တာ။ ကျနော်တို့က ရှိန်းမကားရဲစခန်းအနားရောက်ကာနီး ရွာသစ်ရွာထိပ်လောက်မှာ စပြီးတိုက်ပွဲဖြစ်တာ။ တိုက်ပွဲချိန်က ၂ နာရီကျော်လောက်ထိကြာတယ်။ အဲဒီအချိန်မှာ သူတို့သင်္ဘောဆက်မောင်းဖို့ အဆင်မပြေ‌တော့ဘူးပေါ့။ တိုက်ပွဲဖြစ်ပြီးရှေ့ကိုဆက်မသွားဘဲနဲ့ နောက်ကိုပဲပြန်မောင်းသွားတယ်" လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၇၊ တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့  ခေါင်းဆောင်ဗိုလ်တီက ပြောပါတယ်။ 

ထောက်ပို့သံခွန်သင်္ဘောဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပြီး နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှုအတွင်း  စစ်ကောင်စီဘက်က သေဆုံးသူ ၅ ဦးရှိကြောင်း သတင်းပေးချက်အရ သိရတယ်လို့ ဆိုပါတယ်။

"သူတို့ဘက်ကလည်း ကျည်အင်အားအများအပြားသုံးပြီး ပစ်ခတ်သွားတယ်၊ အင်အားကတော့ သင်္ဘောထဲမှာဆိုတော့ အတည်မပြုနိုင်ဘူး၊ ကျနော်တို့ မီတာ ၉၀ လောက်က ပစ်ခတ်ခဲ့တာ" လို့ ဗိုလ်တီက ဆက်ပြောပါတယ်။

ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီ သံခွန်သင်္ဘော ၂ စီးဟာ ရွာသာယာဘက်ကို ပြန်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၇ တောကြီးမြွေပွေး ပြောက်ကျားတပ်ဖွဲ့ ၊ People servant  revolutiom - လျှပ်စီးတပ်ဖွဲ့ နှင့် ရှိမ်းမကားတိုက်နယ် ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ကြတာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော် 

#မြေလတ်အသံ

#ဝက်လက် #စစ်ထောက်ပို့သင်္ဘော၂စီး #ရှိန်းမကါးရဲစခန်း #ဧရာဝတီမြစ်ကြောင်း #တိုက်ခိုက်ခံရ #ထိခိုက် #စစ်အုပ်စု #PDF #မြေလတ်ရုပ်သံ #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10