စစ်ကောင်စီ ထောက်ပို့အသုံးပြုမယ့် မန္တလေး - မြစ်ကြီးနား ရထားလမ်းပိုင်းနေရာတချို့ကို PDF က ဖျက်ဆီး

စစ်ကောင်စီ ထောက်ပို့အသုံးပြုမယ့် မန္တလေး - မြစ်ကြီးနား ရထားလမ်းပိုင်းနေရာတချို့ကို PDF က ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်း၊ ဝက်လက်နဲ့ ရွှေဘိုမြို့နယ်တွေအတွင်းက မန္တလေး-ရွှေဘို-မြစ်ကြီးနား မီးရထားလမ်းပိုင်းနေရာတချို့ကို ဇူလိုင်လ နောက်ဆုံးအပတ်အတွင်းက ဖျက်ဆီးလိုက်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း (အထက်ပိုင်း)နဲ့ ကချင်ပြည်နယ်ကို လက်နက်၊ ရိက္ခာထောက်ပို့လမ်းကြောင်းအတွက် အဲ့ဒီမီးရထားလမ်းပိုင်းကို ​အသုံးပြုပို့ဆောင်ဖို့ ကြိုးစားလာတာကြောင့် ကြိုတင်တားဆီးတဲ့အနေနဲ့ လမ်းကြောင်းဖြတ်တောက်နိုင်ရေး ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

"ဒီရထားလမ်းအသုံးမပြုတာ၂ နှစ်ကျော်ပြီ။ အခုပြန်အသုံးပြုဖို့ ကြိုးစားနေတယ်။ လမ်းတွေကတော့ လမ်းပိုင်းတော်တော်များများကို ကာကွယ်ရေးတပ်ဖွဲ့တွေ ဖြတ်တောက်ထားကြတယ် "လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီရဲ့ထောက်ပို့လမ်းကြောင်းဖြစ်တဲ့ ရထားလမ်းပိုင်းမှာရှိနေတဲ့ သံလမ်း၊တံတားတွေအပါအဝင် နေရာအများစု ဖျက်ဆီးခံထားရပြီး လမ်းပိုင်းနေရာအတိအကျတွေကိုတော့  လုံခြုံရေးအရ ထုတ်ဖော်ပြောကြားလို့မရဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဆိုပါတယ်။

ဇူလိုင်လ ၂၆ ရက်မနေ့ကလည်း စစ်ကိုင်းမြို့၊ရထောင်ဘူတာကနေ စာရေးဘူတာအထိ မီးရထားလမ်းတလျှောက်ကို စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

"မနေ့က ပဒူရွာတောင်ဘက်က စာရေးဘူတာအထိရောက်တယ်။ မီးရထားလမ်းကို လာရှင်းတာ ညရောက်မှရထောင်ဘူတာက ရထားနဲ့ပြန်လာခေါ်သွားတယ်" လို့ ဒေသခံတဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ယခင်က စစ်ကိုင်းတိုင်း (အထက်ပိုင်း)နဲ့ ကချင်ပြည်နယ်ကို လက်နက်၊ ရိက္ခာပို့ဆောင်နိုင်ရေးအတွက် ကားလမ်း၊ ရေလမ်းကြောင်းတွေကို အဓိကထား အသုံးပြုတာဖြစ်ပြီး အဲ့ဒီလိုပို့ဆောင်ရာမှာ လမ်းတလျှောက်မှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အကြိမ်ကြိမ်တိုက်ခိုက်မှုခံနေရလို့ ထောက်ပို့လမ်းကြောင်းခက်ခဲလာတာကြောင့် ရထားလမ်းကိုအသုံးပြုဖို့ ကြိုးစားလာတာလို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

စစ်ကောင်စီက ရထားလမ်းအသုံးပြုနိုင်ရေးအတွက် ဇူလိုင်လ ၁၂ ရက်ကစပြီး ဝက်လက်နယ်ကနေ စစ်ကိုင်းနယ်အထိ ရထားလမ်းအတိုင်း စစ်ကြောင်းထိုးခဲ့ပြီး စစ်ကြောင်းထိုးစဉ်အတွင်း သာလိုင်းရွာက အမျိုးသားတဦးနဲ့ သုံးဆင့်ကန်ရွာက အမျိုးသားတဦးကို သတ်ဖြတ်ခဲ့ကာ ပေါက်ကန်၊ သုံးဆင့်ကန်၊ ထန်းကြီးရွာနဲ့ ခက်ခရွာတွေကိုမီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ဇူလိုင်လနောက်ဆုံးပတ်အတွင်းက မန္တလေး-မြစ်ကြီးနားရထားလမ်းပိုင်း နေရာတခုကိုတွေရစဉ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #ရွှေဘို #ရထားလမ်းပိုင်း #ဖျက်ဆီးခံရ #စစ်ကောင်စီတပ် #ထောက်ပို့လမ်းကြောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10