စစ်ကောင်စီဒဏ်ကြောင့် စပါးထွက်ရာဒေသတွေမှာ ဆန်ကိုပြန်ဝယ်စားနေရ

စစ်ကောင်စီဒဏ်ကြောင့် စပါးထွက်ရာဒေသတွေမှာ ဆန်ကိုပြန်ဝယ်စားနေရ

စစ်ကိုင်းတိုင်းကမြို့နယ်တချို့မှာ စစ်ကြောင်းထိုးမီးရှို့နေလို့ စပါးတွေကိုသိုလှောင်မထားရဲတော့ဘဲ ရတဲ့ဈေးနဲ့ အမြန်ရောင်းထုတ်ရတာတွေ၊ မီးထဲပါသွားတာတွေဖြစ်နေတဲ့အတွက် တောင်သူတွေဆီမှာ ဆန်ရှားပါးလာကာ မြို့ပေါ်ကနေ ပြန်ဝယ်စားနေရတယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ် နှစ်လည်ပိုင်းလောက်ကစပြီး စစ်ကြောင်းဝင်ရင် စပါးတိုက်တွေကို အဓိကထားမီးရှို့တာကြောင့် စပါးလှောင်မထားရဲတော့ဘဲ လယ်ထဲမှာပဲရိတ်ပြီးရင် ပွဲစားတွေနဲ့တန်းရောင်းကြတာဖြစ်တဲ့အတွက် ရွာဆန်စက်တွေလည်းပိတ်ထားရကာ ဆန်စပါးရှားလိုက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။



“ကျနော်ဆို စပါးကို မီးရှို့ခံရတာထပ်စာရင် မဆိုးပါဘူးဆိုပြီး ၁၄ သိန်းခွဲနဲ့ မတန်တဲ့ဈေးနဲ့ အရှုံးခံပြီးရောင်းခဲ့တာ၊ စပါးအများနဲ့ကျ နာသပဗျာ၊ သိန်း ၅၀ လောက် အရှုံးခံရောင်းရတာ၊ ကျနော်တို့ဒေသက ဆန်စပါးပေါတာဆိုတော့ တခြားပစ္စည်းဝယ်ရင် ဆန်ရောင်းပြီးပြန်ဝယ်ရတာ၊ ခုကျကျနော်တို့ကိုယ်တိုင်ကိုက စစ်ရှောင်တွေလာရင် ဆန်ပြန်ဝယ်ကျွေးရတဲ့ အဆင့်ရောက်သွားတာ” လို့ ဒီပဲယင်းမြို့နယ်မှာရှိတဲ့ တောင်သူတဦးက ပြောပါတယ်။

ရွာတရွာကို ထောင်နဲ့ချီတဲ့တောင်သူ အရှုံးပေါ်နေကျကာ ဒီပဲယင်းတမြို့နယ်လုံးကို သောင်းဂဏန်းရှိတဲ့ တောင်သူတွေ ဒုက္ခရောက်နေကြပြီး၊ အခုနောက်ပိုင်း စပါးပေါ်ချိန်ရောက်ရင် စိုက်ပျိုးစရိတ်လောက်ပဲ ပြန်ပေါ်အောင် အရှုံးခံရောင်းနေကြတာတွေရှိသလို၊ တချို့အရဲစွန့်ပြီး လှောင်ထားတဲ့သူတွေကတော့ မီးထဲပါသွားတဲ့အတွက် အကုန်ဆုံးရှုံးသွားတဲ့သူတွေလည်း ရှိနေကြပါတယ်။

“‌လက်ထဲမထားရဲတာထပ် ထားစရာမရှိတာလည်း တကြောင်းပေါ့၊ ကျနော်တို့အိမ်ဆို ဝါခေါင်လတုန်းက မီးထဲပါသွားတယ်၊ လူနေဖို့တောင် ဝါးလုံးလေးနဲ့မိုးကာလေးနဲ့လုပ်ပြီးနေရတာ၊ မီးကလည်း ခဏခဏလောင်နေတာဆိုတော့ စပါးထားစရာလည်း မလုပ်နိုင်‌ဘူးလေ၊ တောက ဆန်ထွက်ပြီး မြို့ကမှာစားရတဲ့ဘဝပြန်ရောက်နေတာ၊ မျိုးစပါးကို တစိမှမကျန်တဲ့ဘဝဖြစ်နေတာ" လို့ ပြောပါတယ်။



အရင်ကတော့ စစ်ရှောင်တွေလာရင် ဘေးပတ်ဝန်းကျင်ရွာတွေက လှောင်ထားတဲ့စပါးတွေထုတ်ပေးလို့ စား‌ဖို့ကမပူရပေမယ့် ခုနောက်ပိုင်းတွေမှာတော့ ဆန်စပါးရှားလာသလို ရွာတိုင်း စစ်ရှောင်နေရတဲ့အတွက် အရင်လိုမပေါများတော့ပဲ ဆန်ကမှအစ ဝယ်ပြီးကျွေးမွေးနေရတဲ့အတွက် စစ်ရှောင်ကူညီရေး အဖွဲ့အစည်းတွေအနေနဲ့လည်း ခက်ခဲလာတယ်လို့ ဆိုပါတယ်။

“ဒီဘက်က ဆန်စက်တွေမှာကို ဆန်မရှိတော့ဘူး၊ တောင်သူတွေလက်ထဲမှာ စပါးမရှိတာများတယ်၊ ရှိလည်း ၄၊ ၅ဦးပေါ့၊ ကျနော်တို့ကိုယ်တိုင် တခါတလေကျ ဆန်မကောင်းတာတွေဝယ်ရတယ်၊ ဆန်ရပြီးရောဆိုပြီး ဝယ်စားရတာ၊ စိတ်ထဲတော့ မကောင်းဘူးပေါ့၊ တချို့ရွာတွေဆို သားသမီးတွေက ထမင်းစားဖို့တန်းစီရလို့ ငိုတဲ့မိဘတွေရှိတယ်၊ သူတို့တသက်တာလုံးမှာ သားသမီးတွေ ထမင်းတနပ်စားဖို့ တန်းစီရမယ်လို့ အိပ်မက်တောင် မမက်ဖူးခဲ့တဲ့အနေထားပေါ့ဗျာ။” လို့ ရွာသားတဦးက ပြောပါတယ်။

အခုလက်ရှိ ဒီပဲယင်း၊ တန့်ဆည်၊ ခင်ဦး၊ အရာတော်၊ ဝက်လက်စတဲ့ မြို့နယ်ထဲက ကျေးရွာတွေမှာ ဆန်ရှားပါးတာတွေ ကြုံနေရပြီး၊ တချို့တောင်သူတွေကတော့ နောက်ရာသီမှာ စပါးပြန်စိုက်ဖို့ အရင်းနှီးမရှိတဲ့အတွက် လယ်ပေါင်ဖို့ ပြင်ဆင်နေကြတာတွေလည်း ရှိနေပါတယ်။

အဆိုပါဒေသတွေမှာ ပုံမှန်ဆို နွေစပါးရာသီမှာ ရွှေဝါထွန်း၊ မန်းဧရာတို့ အဓိကစိုက်ပြီး မိုးစပါးရာသီဆိုရင် ရွှေဘိုပေါ်ဆန်း(ဘေးကြား)အများဆုံးစိုက်ကြကာ အိမ်စားဖို့အတွက် ဧရာမင်း အနည်းငယ်စိုက်ပျိုးလေ့ရှိကြတယ်လို့လည်း သိရပါတယ်။

စာတည်း-007

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10