စစ်ကောင်စီ ဒုဝန်ကြီးခရီးစဉ် လမ်းကြောင်းလုံခြုံရေးရဲတွေအပစ်ခံရပြီး ၃ ဦးသေ၊ လက်နက်တွေလည်းပါသွား

စစ်ကောင်စီ ဒုဝန်ကြီးခရီးစဉ် လမ်းကြောင်းလုံခြုံရေးရဲတွေအပစ်ခံရပြီး ၃ ဦးသေ၊ လက်နက်တွေလည်းပါသွား

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ ဒီကနေ့ မတ် ၉ ရက် မနက် ၈ နာရီခန့်က စစ်ကောင်စီဒုဝန်ကြီးခရီးစဉ် လမ်းကြောင်းစောင့် ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံးကာ လက်နက်၊ခဲယမ်းတွေလည်း ဆုံးရှုံးခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာရှိ တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်အနီး  ဒုဝန်ကြီးလမ်းကြောင်းလုံခြုံရေးယူနေတဲ့ ရွာသစ်ကြီးနယ်မြေရဲစခန်းက ရဲတွေကို လက်နက်ကိုင်အဖွဲ့ တခုက ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

" ဘာ ဒုဝန်ကြီးလာတာလဲတော့မသိဘူး။ လမ်းကြောင်းလုံခြုံရေးရဲတွေပစ်ခံရတာ။ PDF တွေဘက်က သတင်းရသွားလို့နေမယ်။ လာပစ်တာ ခံလိုက်ရတယ်။ သေဆုံး၊ဒဏ်ရာရတာတွေလည်းရှိတယ်"လို့ စစ်ကိုင်းမြို့ရဲတပ်ဖွဲ့နဲ့နီးစပ်သူဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

လက်နက်ကိုင်အဖွဲ့ရဲ့ပစ်ခတ်တာခံရလို့ ရဲတပ်ကြပ်ကြီး ၁ ဦးအပါအဝင် ရဲ ၃ ဦးသေဆုံးကာ ရဲ ၁ ဦးလည်းပျောက်ဆုံးနေပြီး ရဲတွေကိုင်ဆောင်တဲ့ သေနတ် ၃ လက်၊  လက်ပစ်ဗုံး၊ ကျည်တွေနဲ့ကား ၁ စီးကိုပါ လက်နက်ကိုင်အဖွဲ့တွေဘက်က သိမ်ဆည်းသွားတယ်လို့ အထက်ပါဒေသခံက ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကိုင်းမြို့နယ်ပကဖတာဝန်ရှိသူတဦးက "မနက်က ရဲတွေလိုက်ပါလာတဲ့ (AD Van)အေဒီဗင်ကားပစ်ခံရတာတော့သိရတယ်။ ရဲတွေသေဆုံးတာကော လက်နက်တွေရတာကော ဟုတ်တယ်။ လောလောဆယ်တော့ လုပ်တဲ့အဖွဲ့နဲ့ လက်နက်သိမ်းဆည်းရမိမှုအခြေနေကိုတော့ ပြောရခက်နေသေးတယ်"လို့ ပြောပါတယ်။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်တွေမှာတော့ ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီစက်မှုဒုဝန်ကြီး လမ်းကြောင်းလုံခြုံရေးစောင့်နေတဲ့ ဒုရဲအုပ် ၂ ဦးအပါ ရဲ ၆ ဦးခန့် ပစ်ခတ်ခံခဲ့ရပြီး ရဲတပ်ကြပ် ၃ ဦးသေဆုံးတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီပစ်ခတ်မှုကိုတော့ ဘယ်လက်နက်ကိုင်အဖွဲ့တွေဘက်က ပြုလုပ်သွားတယ်ဆိုတာမသိရသေးဘဲ သတင်းထုတ်ပြန်တာမျိုးလည်း မရှိသေးပါဘူး။

ပစ်ခတ်မှုတွေဖြစ်သွားလို့ စစ်ကောင်စီဒုဝန်ကြီးခရီးစဉ်ရုတ်သိမ်းကာ စစ်ကိုင်းတိုင်းရင်းသား လူငယ် များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်ကို မလာရောက်တော့ဘူးလို့ သိရပါတယ်။

ပုံစာ - စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ပုံဟောင်း)။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #စစ်ကောင်စီ #ဒုဝန်ကြီး #လမ်းကြောင်းလုံခြုံရေး #ရဲတပ်ဖွဲ့ #ပစ်ခတ်ခံရ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10