စစ်ကောင်စီနဲ့ပျူစောထီးတွေက ရွာသားတွေကို ကင်းစောင့်ခိုင်းနေပြီး ကင်းမစောင့်နိုင်သူတွေက ငွေကျပ် ၁၂၀၀၀ ပေးနေရ

စစ်ကောင်စီနဲ့ပျူစောထီးတွေက ရွာသားတွေကို ကင်းစောင့်ခိုင်းနေပြီး ကင်းမစောင့်နိုင်သူတွေက ငွေကျပ် ၁၂၀၀၀ ပေးနေရ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ လက်ပံရွာမှာ စစ်ကောင်စီနဲ့ပျူစောထီးတွေက  ရွာသားတွေကို ကင်းစောင့်ခိုင်းနေပြီး ကင်းမစောင့်နိုင်သူတွေက ငွေကျပ် ၁၂၀၀၀ ပေးနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၁၁ ရက်ကတည်းက စတင်ပြီး ဒေသခံတွေမှာ ကင်းစောင့်နေရတာဖြစ်ပြီး  ကင်းစောင့်ဖို့ တညလျင် ၅ ဦးနှုန်းနဲ့ တအိမ်တယောက် မဖြစ်မနေ အလှည့်ကျ ကင်းစောင့်နေရပြီး ကင်းလှည့်ကျချိန် မသွားနိုင်ပါက ငွေကို မဖြစ်မနေပေးနေရတယ်လို့ ဆိုပါတယ်။

"ပစ်ခတ်မှုဖြစ်တုန်းက ရွာသားတွေသိလျက်နဲ့ မပြောဘူးဆိုပြီး ရွာသားတွေကို ဒုက္ခပေးချင်တာရယ်။ တဖက်မှာလည်း ကင်းလာမစောင့်နိုင်ရင် သူတို့အတွက် ငွေရတယ်ဆိုတဲ့ ပုံစံနဲ့လုပ်နေတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

ကင်းအလှည့်ကျတဲ့ ဒေသခံတွေဟာ စစ်ကောင်စီ၊ ပျူစောထီးတွေနဲ့ ရောနှောပြီး ကျေးရွာ အဝင်အထွက်လမ်းတွေမှာ ညတိုင်းကင်းစောင့်ရတယ်လို့ ဆိုပါတယ်။

ဒေသခံအများစုက စစ်ကောင်စီ၊ ပျူစောထီးတွေနဲ့အတူ ကင်းမစောင့်ချင်သူများပြီး ငွေပေးနေကြတာကြောင့် စစ်ကောင်စီနဲ့ပျူစောထီးအဖွဲ့တွေ ဝင်ငွေကောင်းနေတယ်လို့ သိရပါတယ်။

လက်ပံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို KNLA ပူးပေါင်းတပ်တွေက လာရောက်တိုက်ခိုက်ပြီးနောက်ပိုင်း စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်တာ၊ အစစ်ဆေးတင်းကြပ်တာနဲ့ ကျေးရွာမှာ အင်အားတိုး တပ်စွဲလာတာ၊ တိုက်ပွဲဖြစ်ပွားလာရင် ထိခိုက်မှာစိုးတာကြောင့် NLD ထောက်ခံသူနဲ့ ကြားနေဒေသခံ ၂၀၀ ကျော်ဟာ ကျေးရွာကနေ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၉ ရက်ညနဲ့ ၁၀ ရက်နေ့ မနက်တွေမှာ လက်ပံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်း တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်တွေ အင်အား ထပ်တိုးချထားကာ ဒေသခံတွေကို ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း သွားလာခွင့်မပြုတော့သလို စစ်ဆေးမှုတွေလည်း တင်းကြပ်လုပ်ဆောင်နေပါတယ်။

အဲ့ဒီနေ့တိုက်ခိုက်ခံရမှုမှာ ဒရုန်းအပါအဝင် လက်နက်ကြီးတွေနဲ့ပစ်ခတ်ခံရလို့ စစ်ကောင်စီဘက်က ၁ ဦးသေ ၂ ဦး​ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပျူစောထီး #စစ်ကောင်စီ #ဒေသခံ #လုံခြုံရေး #အဓမ္မလုပ်အားခိုင်းစေ #ပစ်ခတ်တိုက်ခိုက်မှု #ပဲခူးတိုင်း #ဝေါမြို့နယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10