စစ်ကောင်စီနဲ့အကျိုးတူ ၀မ်ပေါင်၊ ယန်စီကုမ္ပဏီတို့ ချက်ချင်းရပ်ဖို့ ဒေသခံသပိတ်အဖွဲ့များ သတိပေးစာထုတ်

စစ်ကောင်စီနဲ့အကျိုးတူ ၀မ်ပေါင်၊ ယန်စီကုမ္ပဏီတို့ ချက်ချင်းရပ်ဖို့ ဒေသခံသပိတ်အဖွဲ့များ သတိပေးစာထုတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ ၀မ်ပေါင်နဲ့ယန်စီကုမ္ပဏီအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေ ချက်ချင်းရပ်တန့်ဖို့ ဒေသတွင်းသပိတ်အင်အားစုတွေက သတိပေးစာထုတ်ပြန်ထားပါတယ်။

သတိပေးစာကို မုံရွာ - ဆားလင်းကြီး၊ ယင်းမာပင်နယ်က လူထုသပိတ်စစ်ကြောင်းအဖွဲ့ ၁၇ ဖွဲ့က စုပေါင်းပြီး ဩဂုတ် ၇ ရက်က ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။

"သူတို့ဘက်က ပိုဆိုးလာတာက ရွာတွေဖျက်ဆီး၊ မီးရှို့တယ်၊ သတ်ဖြတ်တယ်။ ခုပိုဆိုးတာက ပြည်သူလူထုရဲ့ လယ်မြေတွေ အိမ်တွေကို ယာမြေတွေကို သိမ်းပစ်လိုက်တယ်။ သိမ်းပြီးအစိမ်းရောင်ခြံစည်းရိုးတွေ ခတ်ပစ်လိုက်တာ။ အတင်းအဓမ္မခုလိုလုပ်လာလို့ အသံထွက်ရခြင်းပဲ ဖြစ်ပါတယ်။" လို့ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ မချောစုဟန်က မြေလတ်အသံကို ပြောပါတယ်။

တရုတ်ကုမ္ပဏီတွေထံက စစ်အစိုးရက ၅၁ ရာခိုင်နှုန်း၊ ဦးပိုင်ကုမ္ပဏီက ၂၉ ရာခိုင်နှုန်း၊ ၀မ်ပေါင်ဘက်က ၃၀ ရာခိုင်နှုန်းခွဲဝေယူကြတာဖြစ်ပြီး သွေးစွန်းငွေတွေဖြစ်တဲ့ ဒီအကြီးစားလုပ်ငန်းကို ဖြတ်တောက်ပစ်ရမယ်လို့လည်း ဆက်လက်ပြောပါတယ်။

"အသံထွက်နိုင်သမျှ နည်းလမ်းအကုန်သုံးပြီး ဆန္ဒပြတာတွေ သတိပေးစာထုတ်တာတွေ NUG, MOD တွေကနေတစ်ဆင့် လုပ်လို့ရနိုင်တဲ့ တားလို့ရနိုင်တာမှန်သမျှ လုပ်‌ဆောင်သွားမှာပါ" လို့  မချောစုဟန်က ပြောပါတယ်။ 

၀မ်ပေါင်နဲ့ ယန်စီကုမ္ပဏီတို့က စစ်ကောင်စီတပ်ဖွဲ့တွေကို ကုမ္ပဏီစီမံကိန်းဧရိယာအတွင်း စခန်းချခွင့်ပြုထားပြီး စားနပ်ရိက္ခာထောက်ပံ့တာတွေ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးမယ့် ကျေးရွာတွေကို ၀မ်ပေါင်-ယန်စီပိုင် သတ္တုတွင်းက ကားတွေနဲ့ လိုက်လံပို့ဆောင်ပေးတာတွေ ရိက္ခာထောက်ပံ့တာတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့က ကုမ္ပဏီ၀န်းအတွင်းတပ်စွဲနေထိုင်ပြီး ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်တာတွေ ညစဉ်လုပ်ဆောင်နေသလို ပြည်သူတွေရဲ့ လယ်ယာမြေတွေအတွင်း နင်းမိုင်းထောင်တာတွေ အနီးရှိကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကို ထောက်ပံ့နေတဲ့ ငွေရင်းမြစ်စာရင်းတွင် ၀မ်ပေါင်-ယန်စီကုမ္ပဏီတို့ ပါ၀င်နေပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ အဆိုပါကုမ္ပဏီတွေက သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေအတွက် ဒေသခံတွေဆီ လျော်ကြေးတွေ ယနေ့အချိန်ထိ ပေးလျော်တာမရှိဘဲ ရွှေ့ပြောင်းခံရတဲ့ ဒေသခံတွေရဲ့ တောင်းဆိုချက်တွေကိုလည်း လိုက်လျောပေးတာမျိုး မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ တရုတ်ကုမ္ပဏီဖြစ်တဲ့ ၀မ်ပေါင်ကုမ္ပဏီက ၀က်မှေးရွာကို ဩဂုတ် ၃ ရက်ကစတင် ခြံစည်းရိုးခတ်နေပြီး စစ်ကောင်စီတပ်က လုံခြုံရေးယူပေးကာ ဒေသခံတွေကိုလည်း ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ဝမ်ပေါင်၊ ယန်စီ တရုက်ကုမ္ပဏီတို့ကို ဒေသခံများနှင့်သပိတ်အင်အားစုများက ဩဂုတ်လ ပထမပတ်အတွင်း ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #ဆားလင်းကြီး #ဝမ်ပေါင် #ယန်စီ #ကြေးနီစီမံကိန်း #သွေးစွန်းငွေ #လူထုသပိတ် #စစ်ရှောင် #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10