စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ သားအမိ ၂ ဦးအပါအဝင် ၄ ဦး ဒဏ်ရာရ

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ သားအမိ ၂ ဦးအပါအဝင် ၄ ဦး ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်လို့ သားအမိ ၂ ဦးအပါအဝင် ၄ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

အောက်တိုဘာ ၃၀ ရက် ည ၁၀ နာရီလောက်မှာ ညောင်လေးပင်မြို့ရှိ စစ်ကောင်စီရဲ့ ခမရ ၂၀ တပ်ရင်းနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေပစ်ခတ်ခဲ့ရာ ရေဖြူကန်ရွာထဲကို တလုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

"လက်နက်ကြီးကလည်း စကစ ဘက်က ဒီလိုပဲ ပစ်နေကြတာ။ ဒီရက်ပိုင်းတွေဆို ပိုဆိုးလာတယ်။ ညတိုင်းနီးပါး ပစ်လာတယ်။ အရင်ကတောင် ရက်ခြားပစ်သေးတယ်" လို့ ညောင်လေးပင်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ဦးရန်ဝင်း ဘယ်လက်တံတောင်ဆစ် ထိခိုက်၊ မခင်မိုးဝေ ၂၈ နှစ် ညာခြေထောက် ထိခိုက်၊ မောင်မင်းခန့်ဇော် ၁ နှစ်ခွဲ ခြေထောက်ထိခိုက်၊ မယွန်းယွန်း ၃ နှစ် ညာခြေထောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

မခင်မိုးဝေနဲ့မောင်မင်းခန့်တို့ဟာ သားအမိဖြစ်ပြီး ကျန် ၂ ဦးကတော့ အိမ်နီးနားချင်းတွေဖြစ်ပြီး သူတို့တွေကို ဒေသခံတွေက ညောင်လေးပင်မြို့နယ် ပြည်သူ့ဆေးရုံကို တင်ပို့ထားရတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၈ ရက် နေ့လယ် ၁၂ နာရီလောက်မှာလည်း ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်း ကျေးရွာအတွင်း တပ်စွဲထားတဲ့ ခမရ ၂၀ တပ်ရင်းမှ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ရာ မင်္ဂလာကုန်းရွာလမ်းမကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၃ နှစ်အရွယ်လူငယ် ၁ ဦးနဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတဦး ထိခိုကိဒဏ်ရာရခဲ့ပါသေးတယ်။ 

မြေလတ်အသံက ဖော်ပြခဲ့တဲ့သတင်းတွေအရ အောက်တိုဘာလအတွင်း ညောင်လေးပင်မြို့နယ်ထဲမှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရသူ စုစုပေါင် ၁၂ ဦးရှိခဲ့ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ညောင်လေးပင် #ရေဖြူကန် #စစ်ကောင်စီ #လက်နက်ကြီးပစ် #ဒဏ်ရာရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10