စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိလို့  ကြံ့ခိုင်ရေးအမာခံ ၂ ဦးသေဆုံးပြီး ​ဒဏ်ရာရသူတွေရှိ

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိလို့  ကြံ့ခိုင်ရေးအမာခံ ၂ ဦးသေဆုံးပြီး ​ဒဏ်ရာရသူတွေရှိ

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ပင်ကျော်ကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကြံ့ခိုင်ရေးအမာခံ ၂ ဦးသေဆုံးပြီး ပြည်သူ ၄ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဩဂုတ် ၂၃ ရက် ညနေ ၄ နာရီကျော်ခန့်မှာ အုတ်တွင်းမြို့နယ်၊ ကန်ကလေးပေါက်ကုန်းရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးပစ်ခတ်ချိန်မှာ ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

"စစ်တောင်းအနောက်ဘက်ကမ်းကနေ အ​ရှေ့ဘက်ကမ်းကို ပစ်တာပေါ့။ လေးငါးလုံးလောက်ရှိမယ်။ အဲ့ထဲက တလုံးက ပင်ကျော်ရွာထဲကျတာ။ အဲ့ရွာက အစိမ်းထောက်ခံသူများတယ်။ ခုလက်နက်ကြီးကျတာလည်း အစိမ်းထောက်ခံသူတွေနေတဲ့ အိမ်နားကျပြီး ထိကြတာ။"လို့ ဒေသခံတဦးက ပြောပါတယ်။

လက်နက်ကြီးထိလို့ ကြံ့ခိုင်ရေးအမာခံ အသက် ၄၀ ကျော်အရွယ် ကိုဝင်းနိုင်နဲ့ ​ကိုဝင်းလှိုင် ညီအကို ၂ ဦးနေရာမှာ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သေဆုံးသူ ၂ ဦးနဲ့ ဝမ်းကွဲညီတော်စပ်သူ အမျိုးသား ၁ ဦး၊ ပြည်သူ အမျိုးသမီး ၂ ဦးနဲ့အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

အဲ့ဒီ ပင်ကျော်ကျေးရွာဟာ ၂၀၂၀ ရွေးကောက်ပွဲကာလက NLD ပါတီ အောင်နိုင်ရေးအဖွဲ့တွေ ကျေးရွာထဲမဝင်နိုင်အောင် ပိတ်ဆို့ အနှောင့်အယှက်ပေးခဲ့ဖူးတဲ့ရွာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီထောက်ခံသူ အများစုရှိတဲ့ရွာဖြစ်တယ်လို့ သိရပါတယ်။

ဩဂုတ် ၁၆ ရက် မနက်ပိုင်းကလည်း ထန်းတပင်မြို့နယ်၊ ဇလုပ်ကြီးရွာမှာ ဖြူးမြို့နယ်၊ သစ်ခြောက်ခင်ကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ပြည်သူ ၂ ဦးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပဲခူးတိုင်း #ထန်းတပင် #အုတ်တွင်း #စစ်တောင်းမြစ် #စစ်ကောင်စီ #လက်နက်ကြီး #NLD #ကြံ့ခိုင်ရေးပါတီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10