စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦးဒဏ်ရာရ

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ မုန်းမြို့နယ်၊ ငတိုးခင်ကျေးရွာမှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦးဒဏ်ရာရသွားတယ်လို့ KNU ဗဟိုက အောက်တိုဘာ ၃ ရက်က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂ ရက် ည ၉ နာရီခွဲခန့်မှာ ရွှေဝါကျေးရွာ အခြေစိုက် ခမရ ၃၀၇ တပ်ကနေပြီး လက်နက်ကြီး ၈ လုံးကျေးရွာတွေဘက်ကို အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ ငတိုးခင်ကျေးရွာထဲကို တလုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

"အဲ့နေ့က သူတို့က PDF တွေရှိမယ်ထင်တဲ့နေရာတွေကို လက်နက်ကြီးရမ်းပစ်တာ။ ရွာပြင်လယ်ကွက်တွေထဲလည်း ကျတယ်။ ရွာထဲကျတော့ လူထိတယ်။ အစမှန်တဲ့ နှစ်ယောက်က အိမ်နီးနားချင်းတွေပါ" လို့ မုန်းမြို့နယ် ကရင့်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ အသက် ၉ နှစ်အရွယ် နော်နီလာထွေးမှာ လက်ထိခိုက်ဒဏ်ရာရ၊ အသက် ၄၆ နှစ်အရွယ် တီးဇော်မင်းမှာ ခါးအစမှန်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရသွားသူနှစ်ဦးကိုတော့ KNU အုပ်ချုပ်နယ်မြေအတွင်းက ဆေးပေးခန်းတခုမှာ ဆေးကုသမှုခံယူနေကြတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်လို့ မုန်းမြို့နယ်၊ ဥသျှစ်ကုန်းရွာက စောချစ်နာဘူး ၃၄ နှစ်၊ နော်ဖော်လောအယ် ၄၆ နှစ်တို့မှာ ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

မုန်းမြို့နယ်အတွင်းမှာ ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁၆ ရက်ထိ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၀၁ ကြိမ်နဲ့ လက်နက်ကြီး ၄၅၁ ကြိမ်ပစ်ခတ်ခဲ့လို့ ဒေသခံ ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရထားသလို နေအိမ်ပေါင်း ၅၀ ကျော်လည်း မီးရှို့ဖျက်ဆီးခံထားရတယ်လို့ KNU ဗဟိုထုတ်ပြန်ချက်အရ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #လက်နက်ကြီးပစ်ခတ်မှု #စစ်ကောင်စီ #ကလေးသူငယ် #ထိခိုက်ဒဏ်ရာရ #ပဲခူးတိုင်း #မုန်းမြို့နယ် #KNU

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10