စစ်ကောင်စီပစ်သတ်သွားတဲ့ လူငယ်ဟာ PDF မဟုတ်ဟု ရေစကြိုပကဖ ငြင်းဆို

စစ်ကောင်စီပစ်သတ်သွားတဲ့ လူငယ်ဟာ PDF မဟုတ်ဟု ရေစကြိုပကဖ ငြင်းဆို

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာအနီးမှာ စျေးဝယ်သွားတဲ့ လူငယ် ၁ ဦးကို PDF ဆိုပြီး စစ်ကောင်စီတပ်တွေက ပစ်သတ်ခဲ့ရာ ဒီလူငယ်ဟာ PDF မဟုတ်ဘူးလို့ ရေစကြိုပကဖ တာဝန်ရှိသူက ပြောပါတယ်။ 

ဇူလိုင် ၉ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ကိုင်းမကျည်းကျေးရွာနေ ကိုထူး(အမည်လွှဲ) ၁၆ နှစ်ဟာ ရွာကနေ စခန်းကြီးကျေးရွာဘက်ကို ဆိုင်ကယ်နဲ့တဦးတည်း စျေးဝယ်သွားချိန်မှာ စစ်သားနဲ့ပျူတွေက ဖမ်းဆီးပစ်သတ်ခဲ့တာပါ။ 

"စကစ တယ်လီဂရမ်မှာက PDF ဆိုပြီးတင်ထားတာ တွေ့တယ်။ တကယ်က အဲ့ကလေးက တော်တော် ငယ်သေးတယ်။ သူဟာ စျေးဝယ်သွားပြီး အပြန်မှာ စကစ က ကားနဲ့ လိုက်ဖမ်းတယ်။  ဖမ်းခေါ်သွားပြီးမှ ပျူရွာဖြစ်တဲ့ ဆင်ချောင်းရွာနားမှာ သတ်သွားတာ"လို့ ရေစကြိုမြို့နယ် ပကဖတာဝန်ရှိသူက ပြောပါတယ်။

စစ်အုပ်စုက ဦးခေါင်းကို သေနတ်နဲ့ပစ်ခဲ့တာကြောင့် အဲ့ဒီဒဏ်ရာနဲ့ နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ပြိး လူငယ်ရဲ့ အလောင်းကိုတော့ မိဘတွေက ပြန်မရဘဲ စစ်သားနဲ့ပျူတွေက ယူသွားတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတယ်လီဂရမ်ချန်နယ်တွေမှာတော့ ဆင်ချောင်းရွာအနီးမှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ PDF တွေ တိုက်ပွဲဖြစ်ပြီး PDF တဦး အသေရမိ၊ လက်လုပ်သေနတ် တလက်၊ လက်လုပ်မိုင်း ၃ လုံး၊ ၁၂ ဗို့ကျည် ၂ တောင့် နဲ့ လက်လုပ်ဗုံးသီး ၉ လုံး ရရှိခဲ့တယ်လို့ ဖော်ပြထားပေမယ့် အဲ့ဒီကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတာ မရှိခဲ့ဘူးလို့ ရေစကြိုမြို့နယ် ပကဖတာဝန်ရှိသူက ဆက်ပြောပါတယ်။

မေလ ၂၆ ရက်ကနေ ၂၉ ရက်အတွင်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီက စစ်ကြောင်းထိုးချိန် မိဖုရားရွာက အမျိုးသမီး ၁ ဦးအပါအဝင် သဲအင်း၊ နန်းဦး၊ မဲကုန်း၊ ရေရှား၊ ထန်းတောရွာတွေက ဒေသခံ ၆ ဦးကိုလည်း သတ်ဖြတ်သွားသေးတယ်လို့ သိရပါတယ်။

စာတည်း - လင်း

 #မြေလတ်အသံ

#မကွေး #ရေစကြို #ဆင်ချောင်းကျေးရွာ #စစ်ကောင်စီ #ပစ်သတ် #လူငယ်တဦး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10