စစ်ကောင်စီပြင်ဆင်နေတဲ့ ရွေးကောက်ပွဲ အသိအမှတ်ပြုလက်မခံဘူးလို့ NLD ကြေညာ

စစ်ကောင်စီပြင်ဆင်နေတဲ့ ရွေးကောက်ပွဲ အသိအမှတ်ပြုလက်မခံဘူးလို့ NLD ကြေညာ

စစ်ကောင်စီက ပြည်သူလူထုနဲ့ နိုင်ငံတကာကိုလှည့်စားရန် နောက်ထပ်ရွေးကောက်ပွဲတခုကို ကျင်းပဖို့ ကြံစည်အားထုတ်နေတာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အသိအမှတ်ပြုလက်ခံမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ထုတ်ပြန်ကြေညာချက်ကို ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်း က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇွန်လ(၂၅) ရက်နေ့ က ကျင်းပခဲ့တဲ့ ဗဟိုအလုပ်ကော်မတီနဲ့ ဗဟိုကော်မတီဝင်များ ဗဟိုရေးရာကော်မတီဝင်များ၊ တိုင်း/ပြည်နယ်တာဝန်ခံများအစည်းအဝေး(၂၅/၂၀၂၂) ကနေ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဆောင်ရွက်သမျှ ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ငန်းစဉ်အားလုံး(ရွေးကောက်ပွဲအပါအဝင်) မည်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့ မျှ ညီညွတ်မှုမရှိလို့ မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က လုံးဝအသိအမှတ်ပြုလက်ခံမှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

ကိုဗစ် ၁၉ ကပ်ရောဂါကိုရင်ဆိုင်ရင်း မဲပေးခဲ့တဲ့ပြည်သူများ နိုင်ငံတကာသံတမန်တွေ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူအရပ်ဖက်အဖွဲ့အစည်းတွေက တရားမျှတပြီးလွတ်လပ်တဲ့ရွေးကောက်ပွဲ အဖြစ်အသိအမှတ်ပြုခဲ့သလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှိကလည်း ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလာဒ် ကိုလည်း တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီး ပြည်သူ့ဆန္ဒနဲ့အညီ တရားဝင်တည်ရှိနေဆဲဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ပြည်သူ့ဆင့်လွှဲအာဏာကို အကြွင်းမဲ့လက်ခံယုံကြည် ကိုင်ဆွဲထားတယ်လို့ ထုတ်ပြန်ပါတယ်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ်(၁၁၁၇) နယ်၊ ဆန္ဒမဲပေးခွင့်ရှိသူ (၃၈,၂၇၁,၄၄၇)ဦး ရှိရာ ပြည်သူ့လွှတ်တော်မှာ(၂၇,၅၁၂,၈၅၅)ဦး၊ အမျိုးသားလွှတ်တော်မှာ(၂၇၄၉၅၅၅၅)ဦး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွတ်တော်တွေမှာ (၃၀၄၅၉၁၁၃) ဦး လာရောက်မဲပေးခဲ့ပြီး ရာခိုင်နှုန်းအားဖြင့်(၇၁) ရာခိုင်နှုန်းကျော်ခဲ့ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ်အားလုံးရဲ့(၈၂.၃၆) ရာခိုင်နှုန်း အနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ်(၉၂၀) ဦးရွေးချယ်တင်မြှောက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10